ရန်ကုန်မှာ ဆေးကုသမှုခံယူနေပါတယ်။

မိုးဒီက သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တကြီး သတင်းမေးခဲ့ကြတဲ့ အနုပညာလောကသားတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ရန်ကုန်မှာ ဆေးကုသမှုခံယူနေတယ်လို့ ပြောပါတယ်။

Photo: Moe De

ဟာသသရုပ်ဆောင် မိုးဒီရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ပရိသတ်တွေက စိုးရိမ်တကြီးရှိလှပါတယ်။ မကြာသေးခင်ကလည်း ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေရင်းနဲ့ အမောဖောက်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ခံစားချက်တွေကို Duwun Media ကနေ ပြောပြလာပါတယ်။

‘’ကုသိုလ်ပဲ လုပ်ရမှာ။ နေဖို့ထက် သေဖို့ပေါ့။ သေဖို့အချိန်က နီးသွားပြီလေ။ နေခဲ့တဲ့ အချိန်ကလည်း များသွားပြီ။ ဘယ်နေ့မှာ ဘဝနိဂုံးချုပ်မလဲ မသိဘူးပေါ့။ မသေခင်မှာ တတ်နိုင်သမျှ ကုသိုလ်များများရအောင်လို့ လုပ်ရင်း ဒီလိုပဲ အချိန်တွေကို ကုန်ဆုံးရမှာပေါ့လေ’’ လို့ သူကဆိုပါတယ်။

Photo: Moe De

ဦးမိုးဒီဟာ သူ့အတွက် စိုးရိမ်ပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ လက်ရှိမှာလည်း သေသေချာချာ ဆေးကုသမှု ခံယူနေတယ်လို့ ပြောပါတယ်။

‘’ သက်သာပါတယ်၊ ဆေးလည်းကုနေပါတယ်။ ပုပ္ပါးမှာတော့ မဟုတ်တော့ဘူး ရန်ကုန်ပြန်ရောက်နေပါပြီ။ ဟိုမှာတော့ လျှော့ဖြစ်သွားတဲ့ သဘောပေါ့နော်။ ဟိုမှာတုန်းကတော့ မထနိုင်လောက်အောင် ခေါင်းတွေ ပူထူပြီးတော့ဖြစ်သွားတာ။ ရှေ့မှာ မောင်ကင်းကလည်း ဖြစ်ထားတော့ စိုးရိမ်ကြတာပေါ့နော်။ အားလုံးကို ကျေးဇူးတင်ပါတယ်’’ ဆိုပြီးတော့ ဇွန်လ ၇ ရက်နေ့က Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။



Photo: Moe De

ဦးမိုးဒီက ‘’ဆူးပန်းခွေဘယ်ဘယက်နဲ့ ပေရွက်လိပ်နားတောင်းဆင်’’ဆိုတဲ့ ရိုက်ကွင်းပေါ်မှာ ကျန်းမာရေးမကောင်းဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း အခုုလို ပြောပြထားပါသေးတယ်။

‘’ ပုပ္ပါးမှာ ဇာတ်လမ်းတွဲရိုက်ကြမယ်ပေါ့ ၃ ရက်နေ့က ရန်ကုန်ကနေ ထွက်သွားကြတယ်။ ၄ ရက်နေ့ နား ၅ ရက်နေ့ စရိုက်တယ်ပေါ့။ ရိုက်တဲ့နေရာက ပုပ္ပါးနဲ့ မိုင် ၂၀လောက်ဝေးမယ် လယ်ယား ဆိုတဲ့ နေရာမှာ ။ နေပူတာပေါ့ ရိုက်ပြီးတော့ ပြန်လာတဲ့အချိန်မှာ ခေါင်းက အပူဒဏ်တွေနဲ့ တဝီဝီပေါ့။ ဆရာဝန်ကတော့ ကိုယ်ခံအားနည်းနေတာလို့တော့ ပြောတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။



Photo: Moe De

မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။

Share

က္က