အစ်မကြီးဖြစ်သူ စိုးမြတ်သူဇာကို ချစ်ကြောက်ရိုသေရတဲ့အကြောင်းတွေ စန္ဒီမြင့်လွင်က ပြောပြလာပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က အသက်လည်း အများကြီးကွာကြတယ်လေ။
Photo: Amzaing Grace
အဆိုတော်စန္ဒီမြင့်လွင်က ချစ်ရတဲ့အစ်မကြီးဖြစ်သူ အကယ်ဒမီစိုးမြတ်သူဇာရဲ့ အကြောင်းတွေပြော ပြလာပါတယ်။ စိုးမြတ်သူဇာကိုတော့ ညီအစ်မတွေသာမကပဲ ဆွေမျိုးအကုန်လုံးက အရမ်းချစ်ကြတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ မကြီးက ညီအစ်မတွေကိုမှ မဟုတ်ဘူး။ တစ်မျိုးလုံးကိုလွှမ်းမိုးထားတာ အမေတွေ၊ အဒေါ်တွေရော အကုန်လုံးပေါ့နော်။ မကြီးက သူ့အသက်ငယ်ငယ်လေးနဲ့ အရမ်းအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်ယောက်၊ အဲဒီခေတ်က မင်းသမီးဆိုတာလည်း အရမ်းရှားတယ်။ မကြီးအောင်မြင်တော့ တစ်မျိုးလုံးကလည်း အရမ်းပျော်ကြတယ်။ ကိုယ်တွေဆိုလည်း မကြီးနဲ့ အသက်လည်းကွာတော့ ကြောက်လည်း ကြောက်ပါတယ်’’ လို့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။
Photo: စန္ဒီမြင့်လွင်
အဲဒီနောက် ညီအစ်မ ၄ ဦးစလုံးမှာ အောင်မြင်နေတဲ့ အနုပညာရှင်တွေဆိုပေမယ့် စန္ဒီမြင့်လွင်တစ်ယောက်လည်း ဂီတလောကထဲကို ရောက်ရှိဖြစ်သွားတဲ့အကြောင်းကိုလည်း ဆက်လက် ပြောပြထားပါသေးတယ်။
Photo: စန္ဒီမြင့်လွင်
စန္ဒီမြင့်လွင်က အစ်မဖြစ်သူ စိုးမြတ်သူဇာရဲ့ အမြဲတမ်း ဆုံးမသွန်သင်နေကြ စကားတွေကိုလည်း အမှတ်တရ ပြောပြလာပါသေးတယ်။
‘’မကြီးက ငယ်ငယ်လေးကတည်းက အမြဲတမ်း တစ်လုံးဆို တစ်လုံးဆိုသလောက် ပြောဆိုဆုံးမနေကြ။ ဒီနေ့အတွက်ကို ကောင်းအောင်နေတဲ့ သူအမြဲပြောတယ်။ ဒီနေ့ကို အကောင်းဆုံးဖြစ်အောင်နေရင် နောက်နေ့တွေဆိုတာလည်း ကောင်းလာမယ်လို့ အမြဲပြောတယ်။ အများကြီး မစဉ်းစားနဲ့ အရမ်းမသိချင်နဲ့ပေါ့နော်’’ လို့ သူကဆိုပါတယ်။
Photo: စန္ဒီမြင့်လွင်
စန္ဒီမြင့်လွင်ဟာ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ယောက်အဖြစ် စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဝါသနာပါတဲ့ ဂီတအလုပ်တွေကိုလုပ်ရင်း အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်လာခဲ့တာပါ။ သရုပ်ဆောင်အလုပ်ကိုတော့ မလုပ်ဖြစ်တာ ၄ နှစ်ခန့်ရှိပါပြီ။ လက်ရှိမှာတော့ အစ်မကြီး စိုးမြတ်သူဇာဦးဆောင်ပြီး စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ အတူတွဲဖွင့်ထားတဲ့ ‘’မင်းသမီး ပိုးထည်တိုက်’’ ဆိုတဲ့ ပိုးထည်ဆိုင်လေးလည်း ရှိပါတယ်။