စိုင်းစိုင်းခမ်းလှိုင်နဲ့ ဦးကျော်သူတို့ကိုတော့ ‘’ပိတောက်ကတဲ့ ဂီတ’’ဆိုတဲ့ရုပ်ရှင်ကားကြီးမှာ အတူတွဲတွေ့ရတော့မှာဖြစ်ပါတယ်။ စိုင်းစိုင်းကတော့ တစ်နှစ်ကို ရုပ်ရှင်တစ်ကားပဲရိုက်တယ်လို့ ဆိုပါတယ်။
Photo: Kyaw Thu
စိုင်းစိုင်းခမ်းလှိုင်က ဂီတအလုပ်တွေချည်း လုပ်နေတာမဟုတ်ပဲ သူ့ရဲ့ သရုပ်ဆောင်အရည်အချင်းအတွက် ရုပ်ရှင်ဇာတ်ကားတွေကတော့ ရိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း တစ်နှစ်မှာ တစ်ကားလောက်သာ ရိုက်တယ်လို့ သူကပြောပါတယ်။
‘’ကျွန်တော် တစ်နှစ်မှ ရုပ်ရှင်တစ်ကားလောက် ရိုက်ဖြစ်ပါတယ်။ ကြာတော့သည်လည်း မောင့်စကား ပြီးတဲ့နောက် ၁၅ လ အကြာမှာ ပိတောက်ကတဲ့ ဂီတကို စတင်ရိုက်ကူးဖြစ်ပါတယ်။ သင်္ကြန်ကတည်းက စတင်ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်ဝင်ခန်းတွေကို ပြင်ဦးလွင်က အိမ်ကလေးမှာ ဆက်တင်ဆင်ပြီး ဆက်လက်ရိုက်ကူးနေပါပြီ’’ ဆိုပြီးတော့ စိုင်းစိုင်းရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇူလိုင်လ ၃၁ ရက်နေ့ည ၇ နာရီခွဲကျော်က ရေးသားထားတာဖြစ်ပါတယ်။
Photo: Kyaw Thu
အဲဒီနောက် စိုင်းစိုင်းရိုက်ကူးနေတဲ့ ‘’ပိတောက်ကတဲ့ ဂီတ’’ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ဦးကျော်သူ ပါဝင်လာတာ တွေ့ရပါတယ်။ အကောင်းဆုံး ကြိုးစားဖန်တီးသွားမယ်လို့လည်း ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၆ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
‘’ယနေ့ ပြင်ဦးလွင်မြို့တွင်ရိုက်ကူးနေသော "ပိတောက်ကတဲ့ဂီတ"ရုပ်ရှင်ဇာတ်ကားကြီးအား ဒါရိုက်တာ မီးပွါး၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ကျွန်တော်တို့ အနုပညာညီအစ်ကိုများ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ဖေးဖေးမမဖြင့် အကောင်းဆုံးဖြစ်အောင် ဖန်တီးနေကြပါပြီ’’ လို့ သူကဆိုပါတယ်။
Photo: Kyaw Thu
‘’ပိတောက်ကတဲ့ ဂီတ’’ ရုပ်ရှင်ဇာတ်ကားထဲကိုတော့ ဒါရိုက်တာ မီးပွားက ပုံဖော်ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ မန္တလေး၊ ပြင်ဦးလွင်မြို့တို့မှာ ရိုက်ကူးနေကြတာပါ။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ကျော်သူနဲ့ ပိုးမမှီသာတို့က ပါဝင်သရုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ပိုးမမှီသာနဲ့ စိုင်းစိုင်းတို့ အတူတွဲပြီး ပထမဆုံးအကြိမ်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။
Photo: Kyaw Thu
စိုင်းစိုင်း(Sai Sai Kham Leng)ဟာသရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့ ၂၀၀၇ခုနှစ်မှာမင်္ဂလာပါဇာတ်ကား၊ ၂၀၀၇ခုနှစ်မှာ ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ၊ ၂၀၀၈ခုနှစ်မှာရင်ခွင်နှင်းဆီ ၊ ၂၀၁၁ခုနှစ်မှာအာဒံရယ် ဧဝရယ် ဒဿရယ်၊ ၂၀၁၆ခုနှစ်မှာ အေဒင်ရဲ့နတ်သမီး၊ From Bangkok To Mandalay၊ ဂျုန်းဂျုန်းဂျက်ဂျက် စတဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အဲ့ဒီနောက်စိုင်းစိုင်းခမ်းလှိုင်ရဲ့ စီးပွားရေး အနေနဲ့ Frenzo Production မှာလည်းဦးဆောင် သူတစ်ဦးလည်းဖြစ်သလို SAI Cosmetix ရဲ့ ထုတ်လုပ်သူ တစ်ဦးလည်းဖြစ်ပါတယ်။