မိုးယံဇွန်ဟာ သူ့ရဲ့ ကောင်မလေးအကြောင်းကို ပရိသတ်တွေဆီ ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ အားလုံးက ထင်ကြေးပေးနေကြတဲ့ မင်းသမီးက သူ့ရဲ့ ချစ်သူ မဟုတ်ဘူးလို့လည်း ငြင်းဆိုထားပါသေးတယ်။
Photo: Moe Yan Zun (Instagram)
မိုးယံဇွန်က သူ အခုတွဲနေတဲ့ ချစ်သူကောင်မလေးက ပရိသတ်တွေ ထင်ကြေးပေးနေကြတဲ့ နာမည် ၅ လုံးနဲ့ မင်းသမီးမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါဟာ တိုက်ဆိုင်မှု တစ်ခုပါလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။
‘’ဒါကတော့ ပရိသတ်တွေထင်ကြတာပါ။ တချို့ကိစ္စတွေမှာ နည်းနည်းတိုက်ဆိုင်တာလေးတွေလည်း များလို့ပေါ့နော်။ သေချာတာ တစ်ခုကတော့ သူတို့ထင်နေတဲ့ မင်းသမီး မဟုတ်ဘူးပေါ့နော်။ အဲဒီမင်းသမီးနဲ့ကလည်း မောင်နှမတွေလို ခင်နေတာပေါ့နော်။ အမြဲတမ်း စနောက်ပြီးတော့ ပျော်နေကြတာဆိုတော့ အဲဒီလိုတော့ မဟုတ်ပါဘူး’’ လို့ သူကဆိုပါတယ်။
Photo: Moe Yan Zun (Instagram)
မိုးယံဇွန်ဟာ သူ့မှာ အရမ်းချစ်ရတဲ့ကောင်မလေးရှိတယ်ဆိုတာကိုလည်း ပရိသတ်တွေကို တရားဝင်ထုတ်ပြောထားသူပါ။ ဒါပေမယ့် ကောင်မလေးနဲ့ ပုံတွေတင်တိုင်းအမြဲတမ်း စတစ်ကာလေးတွေ အုပ်တတ်တဲ့အကြောင်းကိုလည်း ဝန်ခံပြောပြလာပါတယ်။
‘’ ကျွန်တော့် ကောင်မလေးကို ချစ်လို့ စတစ်ကာအုပ်တာပါ။ သူကတော့ အပြင်ကပါပဲ။ ကျွန်တော်က ပျော်ပျော်နေတတ်တယ်။ ခင်တဲ့သူတွေလည်း များတယ်။ ခင်တဲ့သူတွေကိုလည်း ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ခဲ့ဘူးပေါ့နော်။ ကျွန်တော့်ကို ထိခိုက်အောင်လုပ်ရင်လည်း ကျွန်တော်မကြိုက်ဘူး။ ကျွန်တော်နဲ့ သဟဇာတဖြစ်တဲ့လူတွေက ဘေးနားမှာရှိတယ်။ အပေါင်းအသင်းများတယ်၊ မိတ်ဆွေများတယ်။ ရည်းစားတော့ မရှုပ်ပါဘူး။ ကျွန်တော်နဲ့ အဆင်မပြေတဲ့လူတွေကသာ ကျွန်တော့်ဘေးနားက ထွက်သွားကြတဲ့ သဘောပါ’’ လို့ ဆိုပါတယ်။
Photo: Moe Yan Zun (Instagram)
မိုးယံဇွန်ဟာ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး မစဉ်းစားသေးဘူးလို့ဆိုပါတယ်။သူကိုယ်တိုင်ကလည်း အိမ်ထောင်တစ်ခုကို ဦးဆောင်ဖို့ အရည်အချင်းမရှိသေးဘူးလို့လည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။
‘’ ကျွန်တော်ကိုယ်တိုင်ကိုက အိမ်ထောင်ဦးစီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မညီသေးဘူးလို့ခံစားရလို့ပါ။ ဒီဂုဏ်ပုဒ်နဲ့ ညီလာပြီဆိုရင်တော့ အိမ်ထောင်ပြုဖို့ စဉ်းစားမှာပါ။ ကျွန်တော့် ကောင်မလေးကတော့ အပြင်ကလူပါ။ ပြီးတော့ ကျွန်တော်သူ့ကိုချစ်တယ်။ ဒီ နှစ်ခုပဲပြောဖို့ ပါမစ်ရတယ်။ အဲဒီ ၂ ခုပဲ ကျွန်တော်ပြောလို့ရတယ်။ အချိန်တန်ရင်တော့ ပရိသတ်တွေလည်း သိမှာပါ။ ’’ ဆိုပြီးတော့ ဇွန်လ ၁ ရက်နေ့က Sky net ရဲ့ Pay par view အစီအစဉ် မိတ်ဆက်ပေးတဲ့ အခမ်းအနားမှာပြောပြခဲ့တာပါ။
Photo: Moe Yan Zun (Instagram)
မိုးယံဇွန်ဟာ အဆိုတော်ခိုင်ဝါရဲ့တစ်ဦးတည်းသော သားတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ သရုပ်ဆောင်ဘက်ကို ပိုအားသန်သူပါ။ မိုးယံဇွန်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အသားဖြူဖြူ၊ အရပ်အမောင်ရှည်ရှည်၊ ရုပ်ရည်ချောမောလှတာကြောင့်လည်း မိန်းကလေး ပရိသတ်တွေကိုအများဆုံး ပိုင်ဆိုင်ထားသူပါ။
Share