မိန်းကလေးတွေဟာ ကိုယ့်ရဲ့ ချစ်သူဆီမှာရှိနေတဲ့ ကိုယ်မကြိုက်တဲ့ အပြုအမူ ၊ အပြောအဆို ၊ ဗီဇတွေကို ကိုယ်က ပြုပြင်ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ ထင်မှတ်မှားနေကြပါတယ်။ အဲဒီလို တွေးထင်ထားတယ်ဆိုရင် အခုက စပြီး အဲဒီ အယူမှားကြီးကို မေ့လိုက်ပါတော့။ ဟိုးအရင်ခေတ်အဆက်ဆက်ကစပြီး ခုချိန်ထိ ချစ်သူမိန်းကလေးကြောင့် ကိုယ့်ရဲ့ အပြုအမူနဲ့ ဗီဇတွေကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ ယောကျာ်းလေးတွေဟာ ရှိတော့ရှိတယ်၊ ရှားပါတယ်။ ပြုပြင်ပြောင်းလဲလိုက်တယ်ဆိုတာဟာလည်း မိန်းကလေးကြောင့်ဆိုတာထက် သူတို့ကိုယ်တိုင်က မကောင်းတဲ့အရာလို့ တကယ်လက်ခံသွားမှ ပြောင်းလဲသွားတာမျိုးပါ။
လူတစ်ယောက်ရဲ့ ဗီဇဆိုတာ ဖျောက်ဖျက်မရပါ
လူတစ်ယောက်ရဲ့ ဗီဇဆိုတာ ပြောင်းလဲဖျောက်ဖျက်ဖို့ အလွန်ခက်ခဲပါတယ်။ ကိုယ့်ကြောင့် လူတစ်ယောက် အထူးသဖြင့် ချစ်သူကောင်လေးက သူ့ရဲ့ ဗီဇကို ပြုပြင်ပြောင်းလဲဖို့ဆိုတာ မလွယ်ကူတဲ့လုပ်ရပ်ပါပဲ။ ကိုယ့်ကြောင့် ပြောင်းလဲပေးပါ့မယ်လို့ ကတိပေးထားရင်တောင် အဲဒါဟာ မဖြစ်နိုင်တဲ့ကိစ္စဆိုတာကို သတိချပ်စေချင်ပါတယ်။ ကိုယ်က ပြုပြင်ပြောင်းလဲနိုးစောင့်ရင်းနဲ့ပဲ ဒေါသတွေသာ အလိပ်လိပ်တက်လာပါလိမ့်မယ်။ သူကတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။
ကိုယ့်ကြောင့် ပြောင်းလဲသွားလိမ့်မယ်လို့ ဘယ်သောအခါမှ မတွေးပါနဲ့
မဖြစ်နိုင်တဲ့ ကိစ္စကို မျှော်လင့်ထားတာဟာ ကိုယ့်အတွက်ပူလောင်ပါတယ်။ ဒီအကျင့် ၊ ဒီဗီဇရှိတာကို ကိုယ်က မကြိုက်ဘူးဆိုရင် အစကတည်းက သံယောဇဉ်မတွယ်မိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ဖို့ အရေးကြီးပါတယ်။ မဖြစ်နိုင်တဲ့မျှော်လင့်ချက်ကြီးနဲ့ သံယောဇဉ်တွေ ပိုလာခဲ့ရင် ကိုယ့်အတွက်က ပိုလို့သာရှုံးလာပါလိမ့်မယ်။ အချစ်မှာ အနိုင်၊ အရှုံးမရှိဘူးဆိုပေမယ့်လည်း တစ်သက်လုံး တွဲရမယ့် လက်ပိုင်ရှင်ရဲ့ အကျင့်ဗီဇဟာ ကိုယ်နဲ့ အဆင်ပြေမှုရှိမရှိဆိုတာကို ဆန်းစစ်လေ့လာဖို့တော့လိုပါတယ်။
လူတစ်ယောက်ဟာသူ့အကြောင်းနဲ့ သူပြောင်းလဲသွားတာပါ
လူတစ်ယောက်ရဲ့ ဗီဇက မပြောင်းလဲဘူးဆိုတာကတော့ အမြဲတမ်းမှန်မနေပါဘူး။ လူဟာ ပြောင်းလဲရမယ့်အချိန်ရောက်လာတဲ့အခါ ပြောင်းလဲတတ်ကြပါတယ်။ ဒါပေမယ့်လည်း အဲဒါဟာ လူတစ်ယောက်ကြောင့် ပြောင်းလဲတာမျိုးမဟုတ်ဘဲ သူ့အကြောင်းနဲ့သူ ပြောင်းလဲသွားတဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်ဟာ သူ့ကို ပြုပြင်ပြောင်းလဲလို့ ရနိုင်လောက်ပါတယ်လို့တွေးမြင်နေတာမျိုးတွေကို ဒီနေ့ကစပြီး မေ့ဖျောက်လိုက်ပါတော့။
စင်္ကာပူ နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မခင်မျိုးသန့်ကတော့ လူတစ်ယောက်ကို လူတစ်ယောက်က ပြောင်းလဲပေးဖို့ဆိုတာ မဖြစ်နိုင်ကြောင်း Duwun ကိုသူ့ရဲ့ အယူအဆတွေပြောပြပါတယ်။
"လူတစ်ယောက်ကို လူတစ်ယောက်က ပြုပြင်ပြောင်းလဲဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်တဲ့ကိစ္စပါ။ တကယ်မချစ်ဖူးလို့လား ဘာ့ကြောင့်လဲဆိုတာမသိပေမယ့် ကိုယ့်ကြောင့် တစ်စုံတစ်ယောက် ပြောင်းလဲသွားဖို့ မကြိုးစားဖူးသလို ကိုယ်ကိုယ်တိုင်လည်း တစ်စုံတစ်ယောက်ကြောင့် ပြောင်းလဲသွားဖို့ မကြိုးစားဖူးဘူး။ သေချာတာကတော့ တစ်ယောက်ကိုတစ်ယောက်ပြုပြင်ပြောင်းလဲဖို့ဆိုတာ လုံးဝမလွယ်ကူတဲ့အရာတစ်ခုပဲ။ တစ်စုံတစ်ယောက်ရဲ့ အပြစ်အနာအဆာတွေကို ဘာမှမပြောင်းလဲဘဲလက်ခံနိုင်ရင် အဲ့ဒါအချစ်လို့ မျိုးသတ်မှတ်တယ်။"
ဒီဗီဇ ဒီအချိုးတွေကို လက်ခံနိုင်ရဲ့လားဆိုတာ တွေးပါ
ချစ်သူဖြစ်နေချိန်မှာ ကိုယ်က သူ့ရဲ့ ဗီဇတွေ ၊ အကျင့်တွေ ၊ အပြုအမူတွေကို မကြိုက်နှစ်သက်ဘဲ အိမ်ထောင်တစ်ခုထူထောင်လိုက်ရင် ပြောင်းလဲသွားပါလိမ့်မယ်ဆိုတဲ့ အမြင်ကို လုံးဝမတွေးပါနဲ့။ ချစ်သူရည်းစားဘဝမှာတောင် ပြောင်းလဲမပေးနိုင်တဲ့သူဟာ အိမ်ထောင်တစ်ခုကို အတူ တည်ထောင်လိုက်ချိန်မှာ ကိုယ့်အတွက် ပြောင်းလဲပြုပြင်ပေးလိုက်မယ်လို့ ယူဆချက်ကြီးက မှားယွင်းနေပါတယ်။ ဒါ့ကြောင့် လမ်းမခွဲနိုင်ဘူး၊ သံယောဇဉ်မဖြတ်နိုင်ဘူးဆိုရင် သူ့ရဲ့ ဗီဇတွေ ၊ အကျင့်တွေကို ငါလက်ခံနိုင်ရဲ့လားဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ် လုံးဝအပြစ်မတင်ပါနဲ့
သူ ငါ့အတွက်နဲ့ ပြောင်းလဲမပေးနိုင်တာဟာ ငါ့ကို မချစ်လို့လား ၊ ငါကပဲ လက်တွဲဖော်ကောင်းဖြစ်မနေလို့လားဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သိမ်ငယ်တဲ့ အတွေးတွေကိုလည်း လုံးဝမတွေးမိပါစေနဲ့ ။ သူမပြောင်းလဲပေးနိုင်တာဟာ သူနဲ့ပဲ သက်ဆိုင်ပါတယ်။ ကိုယ်နဲ့ လုံးဝမသက်ဆိုင်တဲ့ကိစ္စပါ။ အထူးသဖြင့် မိန်းကလေးတွေဟာ တစ်ခုခုဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်ကြတာများတဲ့အတွက် အခြေအနေကို စိတ်အေးအေးထားပြီး စဉ်းစားကြည့်ပါ။ ကိုယ်နဲ့ မကိုက်ညီတဲ့ အဆင်မပြေတဲ့ ဗီဇရှိတဲ့သူကို ပြောင်းလဲပစ်ချင်စိတ်တွေကို လျှော့ပါ။
Sales and Marketing ပိုင်းမှာ တာဝန်ယူဆောင်ရွက်နေတဲ့ မရွှန်းလဝန်းအိမ်ကတော့ သူ့ရဲ့ အတွေ့အကြုံကို Duwun ကို ခုလိုဝေမျှလာပါတယ်။
"ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ဖူးတယ်။ လူတစ်ယောက်နဲ့ Relationship ချိတ်တဲ့အခါ ကိုယ်မကြိုက်တဲ့အရာလေးတွေသူ့ဆီမှာ တွေ့တဲ့အခါ အဲဒါတွေကို ပြုပြင်ပြောင်းလဲလိုက်ချင်တယ်။ ဒါပေမယ့်နောက်ပိုင်း နားလည်လာတာက ကိုယ်တွဲနေတဲ့သူကို ကိုယ်ချစ်တဲ့သူကို ပြုပြင်ချင်တယ်ဆိုကတည်းက သူ့ရဲ့ ပင်ကိုစရိုက်ကို ကိုယ်က လက်မခံနိုင်ဘူးလို့ ပြောရမှာပေါ့။ ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေတော့ဘူး။ တစ်ဖက်ကလည်း ငါ့ရဲ့ ပင်ကိုစရိုက်ကို လက်မခံနိုင်တာလားဆိုတာမျိုးတွေ ဖြစ်လာတယ်။ နောက်ဆုံး Relationship မှာ ဘယ်လိုသင်ခန်းစာရသွားလဲဆိုတော့ မတွဲခင်ကာလမှာ သူ့ရဲ့ ပင်ကိုစရိုက်ကို သိအောင် ကြိုးစားသင့်တယ်ဆိုတာ သိသွားတယ်။ မတွဲခင်မှာဆိုတော့ဖုံးကွယ်ဟန်ဆောင်ထားတာတွေ ရှိနေနိုင်တာပဲ။ အဲဒါကြောင့် သူနဲ့ စကားပြောကြည့်၊ အတွေးအခေါ်တွေ ဖလှယ်ကြည့် အလုပ်အပေါ် ဘယ်လိုသဘောထားလဲ မေးကြည့်ပြီးတော့ ကိုယ်နဲ့ သဘောထားကိုက်ညီမယ်၊ ကိုယ်နဲ့ ရေရှည် လက်တွဲနိုင်မယ် ၊ ကိုယ်နဲ့ဘဝတစ်ခုကို ထူထောင်နိုင်မယ့်သူကိုပဲ ရွေးချယ်ရပါမယ်။ လူတစ်ယောက်ရဲ့ စရိုက်ကို ပြောင်းလဲစရာမလိုဘဲ ချစ်နိုင်တယ်ဆိုမှ တကယ်ချစ်တာပါ။ ပြောင်းလဲချင်တယ်ဆိုရင် ဒါက Relationship တစ်ခုမှာ Negative Sign ပါပဲ။ သူ့မှာ ဆိုးတာတွေရှိရင်လည်း ကိုယ်တကယ်လက်ခံနိုင်မယ်ဆိုမှ ဒီ Relationship ကို စတာ အကောင်းဆုံးပါပဲ။ လူတစ်ယောက်ကို ပြောင်းလဲဖို့ဆိုတာလည်း လုံးဝမလွယ်ကူပါဘူး။ သူ့ရဲ့ ဘဝတစ်လျှောက်လုံး ဒီလိုကြီးပြင်းလာခဲ့ပြီးမှကိုယ်နဲ့တွေ့မှ ပြောင်းလဲပစ်မယ်ဆိုတာက မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ဒီလူရဲ့ အကျင့်စရိုက်တွေကို တကယ်လက်ခံနိုင်မှ လက်တွဲတာက အကောင်းဆုံးလို့ ရွှန်းပြောချင်ပါတယ်။"
တစ်သက်တာ လက်တွဲမယ်လို့ ဆုံးဖြတ်ထားတဲ့လူတစ်ယောက်ရဲ့ အကျင့်နဲ့ဗီဇကို သေချာလေ့လာသုံးသပ်ပါ။ ကိုယ်နဲ့ အဆင်မပြေနိုင်မယ့် ဗီဇအကျင့်ရှိနေသူကိုလည်း ပြုပြင်ပြောင်းလဲလို့ ရနိုင်မှာပါဆိုတဲ့ မျှော်လင့်ချက်အမှားကြီးနဲ့ ဘဝကို ပူပန်မှုတွေနဲ့ မဖြတ်သန်းကြဖို့ ဒီဆောင်းပါးနဲ့ တိုက်တွန်းပါရစေ။