အနုပညာရှင်စုံတွဲတွေက တစ်တွဲအပါအဝင်ဖြစ်တဲ့ G Fatt နဲ့ နန်းဆုရတီစိုးတို့ စုံတွဲလေးက ချစ်သူသက်တမ်း (၂)နှစ်ပြည့်သွားခဲ့ပါပြီ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးပါ။
G Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူစုံတွဲလေးဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ သူတို့စုံတွဲလေးက ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ချစ်သူဘဝလေးကို ဖြတ်သန်းလာခဲ့ရာ ဇွန်လ(၅)ရက်နေ့က ချစ်သူသက်တမ်း (၂)နှစ်ပြည့်လို့သွားခဲ့ပါပြီ။
ချစ်သူသက်တမ်း(၂)နှစ်ပြည့်တဲ့နေ့လေးမှာ G Fatt က လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်ပေါ်ကနေ ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ထုတ်ပြောခဲ့ပါသေးတယ်။“ဒီအချစ်က မင်းအပေါ် ထာဝရထက် တစ်ရက် ပိုပြီ း နောက်ဘဝတွေထိ “ ဆိုပြီး ဇွန်လ(၅) ရက်နေ့က ပြောခဲ့တာပါ။
သူတို့ချစ်သူနှစ်ဦးဟာ ဝါသနာတူ၊အကြိုက်တူတဲ့စုံတွဲလေးလည်း ဖြစ်ပါတယ်။ အနုပညာကို ဝါသနာပါတာချင်း တူသလို ခရီးသွားရတာကိုလည်း ဝါသနာပါတဲ့သူနှစ်ဦးပါ။
“နှစ်ယောက်က ခရီးသွားဖြစ်ကြတာ များတယ်၊ အဲ့ဒီအတွက်လည်း အမှတ်တရတွေ အများကြီးဖြစ်တယ်။ ပြီးတော့ နှစ်ယောက်စလုံးကလည်း ခရီးသွားရတာ ဝါသနာလည်းပါတယ်၊ ကြိုက်လည်း ကြိုက်ကြတယ်'' ဆိုပြီးတော့G Fatt က သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
G Fatt ဟာ ချစ်သူလေးအတွက် သီချင်းလေးတွေ ဖန်းတီးပေးလေ့ရှိသူပါ။ နန်းဆုအတွက် သူဖန်တီးပေးထားတဲ့ ပထမဦးသီချင်းလေးဖြစ်တဲ့ “ရူးအောင်ချစ်ရသူ” သီချင်းလေးဟာလည်း ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သီချင်းလေး ဖြစ်ခဲ့ပါတယ်။ အဲဒီ သီချင်းလေးထွက်ရှိပြီးနောက်ပိုင်း သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စသိခဲ့တာလည်း ဖြစ်ပါတယ်။
G Fatt က နန်းဆုအတွက် နောက်ထပ် သီချင်းသစ်တစ်ပုဒ်ကို ပြီးခဲ့တဲ့ လပိုင်းလောက်က ထပ်ပြီး ဖန်တီးပေးခဲ့ပါသေးတယ်။ သီချင်းနာမည်က “ကမ်းမဲ့လှေ”ဖြစ်ပါတယ်။ အဲဒီသီချင်းလေးအတွက်ကိုလည်း အသေးစိတ် ရိုက်ကူးရေးကအစ G Fatt က ပံ့ပိုးကူညီပေးခဲ့တာပါ။ အဲဒီ သီချင်းလေးလည်း ပရိသတ်တွေကြားမှာ တော်တော်ပေါက်သွားခဲ့ပါသေးတယ်။
G Fatt က နန်းဆုရတီစိုးအတွက် အနုပညာအလုပ်တွေကို ပံ့ပိုးပေးသလို နန်းဆုကလည်း G Fatt အတွက် လိုအပ်တဲ့ အရာတွေကို ပံ့ပိုးပေးတဲ့ ချစ်သူတစ်ဦးပါ။ သူတို့စုံတွဲလေးဟာ အနုပညာနယ်ပယ်မှာ အောင်မြင်မှု ကိုယ်စီ ရရှိထားသူတွေပါ။ G Fatt ဆိုရင်လည်း မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ လူငယ်အဆိုတော် တစ်ဦးဖြစ်ပြီး သူကိုယ်တိုင် ရေးတဲ့ သီချင်းများနဲ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော်တစ်ဦးပါ။
အဲဒီလိုပဲ နန်းဆုရတီစိုးဟာ သရုပ်ဆောင်လောကမှာသာမက အဆိုပိုင်းမှာလည်း အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။