ဝိုင်းစုခိုင်သိန်းက ဘယ်လောက်ပင်ပန်းပင်ပန်း ဘေးနားမှာ အားဆေးရှိတယ်လို့ ဆိုပါတယ်။ ဝိုင်းစုနဲ့ အောင်လတို့ရဲ့ အချစ်ရေးအကြောင်းကို အခုလို ရင်ဖွင့်ပြောပြထားပါတယ်။
Photo: ဝိုင်းစုခိုင်သိန်း
ဝိုင်းစုခိုင်သိန်းက ချစ်သူဖြစ်တဲ့ အဆိုတော် အောင်လနဲ့ အတူ ဂီတဖျော်ဖြေရေးပွဲတွေ သီဆိုနေတာ တွေ့ရပါတယ်။ ဘယ်လောက် ပင်ပန်းပင်ပန်း အနားမှာ အောင်လရှိရင် အားဆေးတစ်ခွက်လိုပဲ ဆိုတာကို အခုလို ပြောပြလာပါတယ်။
‘’Traveling season, ဘယ်လောက်ပဲ ပင်ပန်းပါစေ။ ကိုယ့်ဘေးမှာ အားဆေးရှိတယ်လေ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၇ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အောင်လနဲ့ ဝိုင်းစုခိုင်သိန်းတို့ရဲ့ ချစ်သူနှစ်ဦး ဓာတ်ပုံကိုလည်း တင်ခဲ့ပါသေးတယ်။
Photo: ဝိုင်းစုခိုင်သိန်း
အောင်လ နဲ့ ဝိုင်းစုခိုင်သိန်း တို့ဟာ အခက်အခဲ၊ အတိုက်အခိုက်တွေ ကြားထဲက လက်တွဲလာခဲ့ကြတဲ့ ချစ်သူ နှစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာလည်း သူတို့ ချစ်သူ နှစ်ဦးဟာ စစ်မှန်တဲ့ ဘဝလက်တွဲဖော်အဖြစ် မိသားစုဘဝကို တည်ဆောက်ချင်တယ်လို့ ဒီဇင်ဘာလ ၂ရက်နေ့ ည ၁၀နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။
''အခုလက်ရှိအချိန်မှာ ဝိုင်းစု အရမ်းပျော်တယ်။ ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ ဆုံးဖြတ်ချက် မှန်ကန်တယ်ဆိုတာ တဖြည်းဖြည်း ပိုပို သိလာရတယ်။ အဲ့ဒီ အတွက်လည်း ရင်ထဲက အစစ်အမှန်လာတဲ့ မေတ္တာစစ်တွေအတွက် ကျေးဇူးတင်ပါတယ် 'ကို' ဝိုင်းစုတို့ နှစ်ယောက်အတွက် အရေးအကြီးဆုံးက ငွေကြေးဥစ္စာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ဘဝလက်တွဲဖေါ်နဲ့ သာယာအေးချမ်းတဲ့ မိသားစုဘဝကိုပဲ တည်ဆောက်ချင်တာပါ။ အဲ့ဒီဘဝကို အခုပိုင်ဆိုင်ထားရတဲ့အတွက်လည်း ပီတိဖြစ်တယ်'' လို့ ဆိုပါတယ်။
Photo: ဝိုင်းစုခိုင်သိန်း
ဝိုင်းစုခိုင်သိန်းဟာ သူမ လျှောက်လှမ်းခဲ့ရတဲ့ဘဝ အတွေ့အကြုံကိုလည်း အခုလို ရင်ဖွင့်ပြောပြထားတာ တွေ့ရပါသေးတယ်။ ဒီ အတောအတွင်းမှာလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေလည်း ရှိခဲ့ဖူးတယ်လို့ သူကဆိုပါတယ်။
''ဘဝမှာ မှန်ကန်တဲ့ လုပ်ရပ်တွေရှိသလို မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ရွေးချယ်မှုတွေလည်း ရှိခဲ့ဘူးပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ကိုယ်ရည်သွေးပြီး နောက်ကွယ်မှာ ပြောနေပါစေ ဒီနေ့ဒီအချိန်ထိ ဝိုင်းစုရဲ့ရပ်တည်မှု, ဖြစ်တည်မှုတွေ အားလုံးက ဘယ်သူ့ အထောက်အပံ့မှမယူပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မာမာရပ်တည်ပြီး ရခဲ့တယ်ဆိုတာ ကိုယ့်လိပ်ပြာကိုယ်သန့်တယ် ပြောရရင်တော့ ဘဝတစ်လျောက်လုံးမှာ ကိုယ်ကပဲ ပေးဆပ်ခဲ့ရတာတွေချည်းပါပဲ။ ပေးဆပ်ခဲ့ရတာနဲ့ ထိုက်တန်တဲ့ရလဒ်တော့ ကျန်ခဲ့တဲ့ ခုနှစ်တွေမှာ ပြန်မရခဲ့တာ အမှန်ပါပဲ'' လို့ ဆက်လက်ရေးသားခဲ့ပါတယ်။
Photo: ဝိုင်းစုခိုင်သိန်း
ဝိုင်းစုဟာ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား၊ ဂါ၊ မယ်သီတာ စတဲ့ တစ်ကိုယ်တော်အခွေများစွာကို ထွက်ရှိထားပြီးဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတအပိုင်းမှာ အောင်မြင်လာပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကိုလည်း သိပ်မလုပ်ဖြစ်တော့ပါဘူး။ သူ့ရဲ့ ပရိသတ်တွေလည်း ကြိုက်မယ်၊ သူလည်းကြိုက်မယ့် ဇာတ်ကားကောင်းလေးတွေ တွေ့ရင်တော့ ရိုက်ဖြစ်ရင် ရိုက်မယ်ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။