အမေရိကန်အမျိုးသားတစ်ဦးဟာ ချစ်သူကို ရေငုပ်ပြီး လက်ထပ်ခွင့်တောင်းနေစဉ် ရေနစ်သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ တန်ဇန်းနီးယားနိုင်ငံမှာ အားလပ်ရက် အပန်းဖြေခရီးထွက်နေစဉ် ရအောက်ထဲကနေ ချစ်သူကိုလက်ထပ်ခွင့်တောင်းခဲ့တာ ဖြစ်ပါတယ်။
(Photo: Kenesha Antoine)
အမေရိကန်အမျိုးသား စတီဗင်ဝက်ဘာနဲ့ ၎င်းရဲ့ချစ်သူ ကီနက်ရှာအန်တွိုင်နီတို့ စုံတွဲဟာ တန်ဇန်းနီးယားနိုင်ငံ ပမ်ဘာကျွန်းကမ်းလွန် မင်တာအပန်းဖြေစခန်းရှိ ရေအောက်မှာ တစ်ဝက်နှစ်မြှုပ်တည်ဆောက်ထားတဲ့ အပန်းဖြေအိမ်ငယ်မှာ နေခဲ့ကြပါတယ်။ ကီနက်ရှာက အပန်းဖြေအိမ်ငယ်ရဲ့ ရေအာက်အခန်းထဲကနေ ရိုက်ကူးထားခဲ့တဲ့ အမှတ်တရဗီဒီယိုအရ စတီဗင်ဟာ ရေအောက်မှာငုပ်လျက် လက်ထပ်ခွင့်တောင်းနေခဲ့တာ တွေ့ရပါတယ်။
အဆိုပါ ဗီဒီယိုထဲမှာ စတီဗင်က သူ့လက်ရေးနဲ့ လက်ထပ်ခွင့်တောင်းတဲ့ စာတိုလေးကို အပန်းဖြေအိမ်ငယ်ရဲ့ ရေအောက်ထပ် မှန်ပြတင်းပေါက်မှာကပ်ပြီး ချစ်သူကီနက်ရှာကို ပြသခဲ့ပါတယ်။ စတီဗင်က လက်ထပ်လက်စွပ်ဘူးလေးကိုလည်း ရေအောက်ထဲကနေ ပြသခဲ့ပါသေးတယ်။ လက်ထပ်ခွင့်တောင်းရင်း စတီဗင် ရေနစ်သေဆုံးသွားကြောင်းကို ကီနက်ရှာက သူမရဲ့ Facebook မှာ ဝမ်းနည်းကြေကွဲစွာ အတည်ပြု ရေးသားထားပါတယ်။
(Photo: Kenesha Antoine)
စတီဗင်ဟာ ကြာသပတေးနေ့ (စက်တင်ဘာ ၁၉ ရက်) က အပန်းဖြေအိမ်ငယ်ရဲ့ ရေအောက်အခန်းအပြင်ဘက်မှာ တစ်ဦးတည်း ရေငုပ်နေစဉ် ဝမ်းနည်းဖွယ် ရေနစ်သေဆုံးခဲ့ကြောင်း မင်တာအပန်းဖြေစခန်းက BBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ စတီဗင်နဲ့ ကီနက်ရှာတို့က မင်တာအပန်းဖြေစခန်းရဲ့ ရေအောက်အခန်းပါ အိမ်ငယ်ကို လေးညအိပ် တည်းခိုနေထိုင်ရန် စာရင်သွင်းထားခဲ့ကြတာ ဖြစ်ပါတယ်။
မင်တာအပန်းဖြေစခန်းရဲ့ ရေအောက်အခန်းပါ တည်းခိုအိမ်ငယ်ဟာ ကမ်းရိုးတန်းကနေ ခန့်မှန်းခြေ ပေ ၈၂၀ အကွာမှာ ဆောက်လုပ်ထားပါတယ်။ အဆိုပါ အိမ်ငယ်ကို ရေအနက် ၃၂ ပေရှိတဲ့နေရာမှာ ဆောက်လုပ်ထားပြီး တည်းခိုနေထိုင်ခ တစ်ညလျှင် အမေရိကန်ဒေါ်လာ ၁,၇၀၀ (မြန်မာကျပ်ငွေ ၂၆ သိန်းဝန်းကျင်) ပေးရတယ်လို့ဆိုပါတယ်။
(Photo: Kenesha Antoine)
စတီဗင်နဲ့ကီနက်ရှာတို့ဟာ အပန်းဖြေစခန်းမှာ နေထိုင်ခဲ့ကြစဉ် သုံးရက်မြောက်နေ့မှာတော့ စတီဗင်က ချစ်သူကို ထူးထူးခြားခြား လက်ထပ်ခွင့်တောင်းရန် ရေငုပ်သွားခဲ့ပါတယ်။ ရေငုပ်မျက်မှန်နဲ့ ရော်ဘာရေယက်ပြား ဝတ်ဆင်ပြီး ရေငုပ်သွားတဲ့ စတီဗင်က လက်ထပ်ခွင့်တောင်းထားတဲ့ စာတိုလေးကို အိမ်ငယ်ရဲ့ ရေအောက်အခန်းထဲကနေ ၎င်းကိုကြည့်နေခဲ့တဲ့ ချစ်သူကီနက်ရှာကို ပြတင်းပေါက်မှန်မှာကပ်ပြီး ပြသခဲ့ပါတယ်။
ကီနက်ရှာ ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုထဲမှာ စတီဗင်က လက်ထပ်ခွင့်တောင်းတဲ့ စာတိုလေးကို ပြသပြီးနောက် ၎င်းရဲ့ ဘောင်းဘီတိုအိပ်ထဲမှ လက်ထပ်လက်စွပ်ဘူးကိုလည်း ထုတ်ယူပြသခဲ့သေးတယ်လို့ ဆိုပါတယ်။ ထို့နောက်မှာတော့ စတီဗင်ဟာ ကီနက်ရှာရဲ့မြင်ကွင်းနေ ရေကူးထွက်ခွာသွားရာမှ ပြန်ပေါ်မလာတော့ပါဘူး။
အပန်းဖြေစခန်းဝန်ထမ်းတွေက ရေအောက်မှာ ပြဿနာတစ်ခုခုဖြစ်ကြောင်း ကြားသိရပြီးနောက် အလျင်အမြန်သွားခဲ့ကြပေမဲ့ ၎င်းတို့ရောက်ရှိချိန်မှာ ဘာမျှမတတ်နိုင်တော့ကြောင်း မင်တာအပန်းဖြေစခန်းရဲ့ စီအီးအို Matthew Saus က BBC ကို ပြောပါတယ်။ စတီဗင် ရေနစ်သေဆုံးမှုကို သိရှိထားပြီး မိသားစုအတွက် ဝမ်းနည်းကြောင်းနဲ့ သင့်တော်တဲ့ အကူအညီအားလုံးပေးရန် အသင့်ရှိကြောင်း အမေရိကန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောထားပါတယ်။
လက်ထပ်ခွင့်တောင်းရင်း သေဆုံးသွားရှာတဲ့ ချစ်သူအတွက် ကျန်ရစ်ခဲ့တဲ့ ကီနက်ရှာက သူမရဲ့ခံစားချက်တွေကို Facebook ရင်ဖွင့်ထားခဲ့ပါတယ်။ "သူ လက်ထပ်ခွင့်တောင်းတာအတွက် ကျွန်မရဲ့အဖြေကို သူ ဘယ်တော့မှ မကြားနိုင်တော့ပါဘူး၊ အဲဒီ အဖြေက အကြိမ်တစ်သန်း ရက်စ်ပါပဲ" လို့ သူမက ရေးထားပါတယ်။
"ကျွန်မတို့ ဘယ်တော့မှ အတူတကွ မရှိနိုင်တော့ပါဘူး၊ ရက်စက်လှတဲ့ ကံကြမ္မာအလှည့်အပြောင်းမှာ ကျွန်မတို့ဘဝရဲ့ အကောင်းဆုံးရက်က အဆိုးဆုံးဖြစ်သွားခဲ့ပါပြီ၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်လေးမှာ ကျွန်မတို့နှစ်ယောက် အံ့အားသင့်စရာအကောင်းဆုံး အတွေ့အကြုံတွေကို အတူတကွ တွေ့ကြုံဖြတ်သန်းခဲ့ဖူးတာတွေကို အမှတ်ရပြီး ဖြေသိမ့်နိုင်ဖို့ ကျွန်မ ကြိုးစားသွားရမှာပါပဲ၊ ကျွန်မတို့ နောက်ဆုံး အတူရှိခဲ့ကြတဲ့ အခိုက်အတန့်တွေက ကျွန်မတို့နှစ်ယောက်လုံးအတွက် အရမ်းပျော်ရွှင်ကြည်နူးစရာ ဖြစ်ခဲ့ပါတယ်" လို့ ကီနက်ရှာက Facebook မှာ ကြေကွဲစွာဖြင့် ရေးသားထားပါတယ်။