မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးနေအိမ် ဖောက်ထွင်းခံရမှုမှာ ပစ္စည်းတွေကို ပြန်လည် သိမ်းဆည်းရမိထားပြီး ဖောက်ထွင်းမှု ကျူးလွန်သူကတော့ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်တယ်လို့ မော်လမြိုင် မုပွန် နယ်မြေရဲစခန်းကနေ သိရပါတယ်။
သိမ်းဆည်းရမိသည့်ပစ္စည်းများ Photo- မွန်ပြည်နယ်ရဲတပ်ဖွဲ့
မော်လမြိုင် မောင်ငံရပ်ကွက်၊ တောင်ရိုးတန်းလမ်းရှိ စသုံးလုံး ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်းနေအိမ်မှာ ဖောက်ထွင်းခံရတဲ့ ရွှေထည် ၉၇ မျိုးအပါအဝင် မြန်မာကျပ်ငွေသိန်း ၅၀ နဲ့ ထိုင်းဘတ်ငွေ ၆၀၀၀ ကျော်တို့ကို ကျုးလွန်သူ ရဲမင်းပိုင်ဆိုသူရဲ့ နေအိမ်မှာ ဧပြီလ ၁၈ ရက် ည ၈ နာရီကျော်လောက်က ရှာဖွေသိမ်းဆည်းနိုင်ခဲ့ပါတယ်။
ကျူးလွန်သူ ရဲမင်းပိုင်ဆိုသူမှာ မုပွန်ရပ်ကွက်၊ ကျောက်တန်းလမ်းမ ဘောလုံးကွင်း၊ ဇွဲကပင်ခြံ (မုပွန်သချိုင်း) အနီးမှာ နေထိုင်သူဖြစ်ပြီး CCTV မှတ်တမ်းတွေအရ တိုက်ဆိုင်စစ်ဆေးပြီးတော့ သွားရောက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ မုပွန်နယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သန့်ဇင်က Duwun ကိုပြောပါတယ်။
“ကျွန်တော်တို့ သွားရောက်ဖမ်းဆီးတဲ့အချိန်မှာ ရဲမင်းပိုင် (ကျူးလွန်သူ) ကနေအိမ်မှာ မရှိပါဘူး။ သူ့အမျိုးသမီးပဲ ပစ္စည်းတွေကို လက်ခံထားတာပါ။ အခုချိန်ထိတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။ ဖမ်းဆီးနိုင်ဖို့အတွက် တရားခံပြေးရဲ့ပုံစံတွေကို သွားလာနိုင်တဲ့ လမ်းကြောင်းက ရဲစခန်းတွေကို ပေးပို့ထားတယ်” လို့ ဒုရဲမှူး သန့်ဇင်က Duwun ကို ပြောပါတယ်။
သိမ်းဆည်းရမိသည့်ပစ္စည်းများ Photo- မွန်ပြည်နယ်ရဲတပ်ဖွဲ့
တရားခံကို ဖမ်းဆီးနိုင်ဖို့အတွက် ဂိတ်တွေမှာ ပိတ်ဆို့ရှာဖွေရေးတွေ ပြုလုပ်နေတာဖြစ်ပြီး လက်ရှိမှာတော့ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေနဲ့ အတူ ရဲမင်းပိုင်ရဲ့ ဇနီးဖြစ်သူကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဧပြီလ ၁၅ ရက် ညနေပိုင်းက မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဌာန (စသုံးလုံး) ညွှန်ကြားရေးမှူး နေအိမ်မှလူတွေ ဘုန်းကြီးကျောင်းသွားနေချိန် အိမ်ဖောက်ထွင်းခံလိုက်ရတာကြောင့် သက်ဆိုင်ရာ မုပွန်နယ်မြေရဲစခန်းကို တိုင်ကြားခဲ့ရာ ပစ္စည်းတွေကို ပြန်လည် သိမ်းဆည်းရမိခဲ့တာလည်းဖြစ်ပါတယ်။