ချစ်သူများနေ့ရောက်လာပြီဆိုရင် ဘာပေးရင်ကောင်းမလဲဆိုပြီး ခေါင်းစားနေတတ်ကြတဲ့သူတွေအတွက် ချစ်စရာကောင်းပြီးအမှတ်တရဖြစ်စေမယ့် လက်ဆောင်လေးတွေ ဖော်ပြပေးချင်ပါတယ်။

ချစ်သူများနေ့လည်း နီးလာပြီဆိုတော့ ချစ်သူကို ဘာလက်ဆောင်ပေးရမလဲဆိုပြီး ခေါင်းစားနေတတ်ကြတာ ယောက်ျားလေးရော မိန်းကလေးရော အတူတူပဲထင်ပါတယ်။ ဟိုဟာပေးရင် သူကြိုက်ပါ့မလား၊ ဒီဟာပေးရင် အဆင်ပြေပါ့မလားနဲ့ ဦးနှောက်ခြောက်နေကြတဲ့သူတွေအတွက် ချစ်စရာကောင်းပြီး အမှတ်တရဖြစ်စေမယ့် လက်ဆောင်လေးတွေ ဖော်ပြပေးချင်ပါတယ်။ 



-ဓာတ်ပုံလေးတွေ Print လုပ်ထားတဲ့ ချစ်စရာပစ္စည်းလေးတွေ

ခုနောက်ပိုင်း လက်ဆောင်ပေးရင် ဓာတ်ပုံလေးတွေ Print လုပ်ထားတဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေးလာတာ များပါတယ်။ ဓာတ်ပုံရိုက်နှိပ်ထားတဲ့ ကော်ဖီခွက်တွေ၊ ခေါင်းအုံးလေးတွေ ၊ နာရီလေးတွေ ၊ တီရှပ်လေးတွေ ၊ စသဖြင့် တစ်ယောက်တည်းပုံ၊ စုံတွဲပုံလေးတွေ ရိုက်နှိပ်ပြီး လက်ဆောင်ပေးတတ်ကြပါတယ်။ ဒီလိုလက်ဆောင်လေးတွေက ချစ်ဖို့လည်းကောင်းသလို အမှတ်တရလေးတွေလည်း ဖြစ်တဲ့အတွက် ပေးတဲ့သူကော ရတဲ့သူပါ ပျော်ရွှင်ရတဲ့ လက်ဆောင်ထဲမှာ ပါပါတယ်။ 

-အမှတ်တရဓာတ်ပုံအယ်ဘမ်

ဆိုရှယ်မီဒီယာပေါ် နေ့စဥ်နေ့တိုင်းလိုလို ဓာတ်ပုံတင်နေတဲ့ ခေတ်ကြီးမှာ ဒီလက်ဆောင်ကတော့ သိပ်ခဲယဥ်းနေမှာ မဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာက တင်ထားတဲ့ ပုံလေးတွေကို ဓာတ်ပုံပြန်ထုတ်ရုံပါပဲ။ ဓာတ်ပုံရဲ့ နောက်ဘက်မှာတော့ အဲဒီဓာတ်ပုံနဲ့ ပတ်သက်တဲ့ အမှတ်တရစာသားတိုတိုလေးတွေ (ဥပမာ- အဲဒီဓာတ်ပုံရိုက်ယူတုန်းက ဖြစ်ရပ်လေးတွေကို အတိုချုံးပြီး ရေးသားထားလိုက်ရင် သူလည်းပျော်သလို ကိုယ်လည်းပျော်ရွှင်ရပြီး နှစ်ယောက်သားရဲ့ အမှတ်တရလေးတွေကို ပိုပြီး ဆွဲဆန့်လိုက်သလို ဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် ပိုချစ်သွားစေနိုင်ပါတယ်။

-ပစ္စည်းပန်းစည်းတွေ 

ဒီဘက်ခေတ်မှာ ခေတ်စားလာတဲ့ နောက်ထပ် လက်ဆောင်ပစ္စည်းကတော့ ပစ္စည်းပန်းစည်းပါ။ ပန်းတွေကို စည်းထားတဲ့ ပန်းစည်းမဟုတ်ဘဲ ပစ္စည်းတွေကို ပန်းသဖွယ်စည်းထားတဲ့ ပန်းစည်းကို ဆိုလိုတာပါ။ မုန့်ပန်းစည်းတွေ၊ ချောကလက်ပန်းစည်းတွေ ၊ အရုပ်ပန်းစည်းတွေက ဒီနေ့ခေတ်ရဲ့ ခေတ်အစားဆုံး လက်ဆောင်ဖြစ်နေတာဆိုတော့ ဒီလက်ဆောင်ကို ရရှိတဲ့သူအတွက် မကြိုက်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ တတ်နိုင်တဲ့ သူတွေဆိုရင် ပိုက်ဆံတွေကိုတောင် ပန်းစည်းလုပ်ပေးတဲ့သူတွေတောင် ရှိတယ်ဆိုတော့ ကိုယ်ကသာ တတ်နိုင်တယ်ဆိုရင် ငွေပန်းစည်းလေးတွေကလည်း သဘောကျစရာ အကောင်းဆုံး လက်ဆောင်ပစ္စည်းပါပဲ။ 

ချစ်သူဆီက ဘယ်လိုလက်ဆောင်မျှော်လင့်ထားပြီး ကိုယ်တိုင်ကလည်း ချစ်သူကို ဘယ်လိုလက်ဆောင်ပေးချင်တာလဲဆိုတာကို မကျော့ကေခိုင်က Duwun ကို ခုလို ပြောပြပါတယ်။

"ချစ်သူများနေ့မှာ မှတ်မှတ်ရရဖြစ်နေစေတဲ့ လက်ဆောင်မျိုးလိုချင်တယ်၊ ပေးရင်လည်း အဲဒီလိုလက်ဆောင်မျိုးလေးပေးချင်တယ်၊ လိုချင်တာပြောပါဆိုရင် နှစ်ယောက်စလုံးရုပ်နဲ့တူတဲ့ အရုပ်လေးကို ဖန်ပုလင်းလေးထဲထည့်ထားတာမျိုးလေးလိုချင်တယ်၊ လှုပ်လိုက်ရင် အမှုန်လေးတွေနဲ့လေ၊ သူ့အတွက်ဆိုရင်တော့ သူလိုချင်နေတဲ့ စာအုပ်မျိုးလက်ဆောင်ပေးမယ်။"

-စိတ်ကူးယဥ်စရာပစ္စည်းသေးသေးလေးတွေ 

နောက်ထပ် ချစ်သူများနေ့မှာ ပေးလို့အကောင်းဆုံးလက်ဆောင်ပစ္စည်းလေးတွေကတော့ သေးသေးလေးနဲ့ စိတ်ကူးယဥ်စရာ လက်ဆောင်ပစ္စည်းလေးတွေဖြစ်ပါတယ်။ အရုပ်သေးသေးလေးတွေ၊ ငွေမှုန်လေးတွေထည့်ထားတဲ့ စားပွဲတင်ဖန်လုံးတွေ၊ ကိုယ်တိုင်ခေါက်ထားတဲ့ ကြယ်လေးတွေထည့်ထားတဲ့ ပုလင်းလေးတွေ၊ အလုပ်စားပွဲပေါ်တင်ထားလို့ရတဲ့ ပစ္စည်းသေးသေးလေးတွေကလည်း ချစ်စရာအကောင်းဆုံးနဲ့ သဘောကျစရာကောင်းတဲ့ လက်ဆောင်ပစ္စည်းလေးတွေပဲ ဖြစ်ပါတယ်။

-နှစ်ယောက်တည်းသိတဲ့ အမှတ်တရတွေပစ္စည်းလေးတွေ

ကိုယ် နဲ့ သူရဲ့ ချစ်သူဘဝသက်တမ်းတစ်လျှောက်မှာ အမှတ်တရအဖြစ်ဆုံးအရာတွေ ရှိမှာပါ၊ အဲဒီအမှတ်တရအဖြစ်ဆုံးအရာတွေထဲကမှ ဘယ်လိုအရာက သူ့ကို ပြုံးသွားစေနိုင်မလဲဆိုတာ တွေးကြည့်ပြီး လက်ဆောင်အဖြစ်ပေးပါ။ တချို့လက်ဆောင်ပစ္စည်းတွေက ငွေကုန်ကြေးကျများစရာမလိုဘဲ အမှတ်တရဖြစ်ပြီး နွေးထွေးစေတဲ့ အရာမျိုးတွေအဖြစ် ချစ်စရာ ၊ ရင်ခုန်စရာကောင်းပါတယ်။ ကိုယ်နဲ့ သူရဲ့ အမှတ်တရတွေကို ကိုယ်တွေ နှစ်ယောက်ကလွဲရင် မသိနိုင်တာမို့ အမှတ်တရဖြစ်မယ့်အရာကို တွေးပြီး လက်ဆောင်ပေးပါ။ 

မော်ဒယ် ဖူးပြည့်ထွန်းက‌တော့ ချစ်သူများနေ့မှာ ချစ်သူဆီက ဘယ်လိုလက်ဆောင်မျိုးလိုချင်ပြီး ကိုယ်တိုင်က ဘယ်လိုလက်ဆောင်မျိုးလိုချင်တယ်ဆိုတာကို Duwun ကို ခုလိုပြောပြပါတယ်။

 

"ဘယ်လိုလက်ဆောင်မျိုးကိုမှ လိုချင်တယ်ဆိုတာမျိုးတော့မရှိပါဘူး။ ချစ်သူက ဘာပဲပေးပေးတန်ဖိုးထားပါတယ်။ ဒါပေမယ့် ဘယ်လိုလက်ဆောင်မျိုးလိုချင်လဲဆိုရင် ကိုယ်က အမှတ်တမဲ့ ဒါလေးကြိုက်တယ်လို့ပြောမိတာကိုမှတ်ထားပေးပြီး လက်ဆောင်ပေးတာမျိုးလေးတော့သဘောကျတယ်။ ကိုယ်က ချစ်သူကို လက်ဆောင်ပေးရမယ်ဆိုရင်တော့ သူ အသုံးဝင်မယ့်ဟာမျိုးပဲပေးချင်တယ်။ သူတကယ် လိုအပ်နေတာမျိုးကို ပေးမိမယ်ထင်ပါတယ်။" 

-ချစ်သူအကြောင်းရေးထားတဲ့ စာအုပ် 

သူ့ကို ကိုယ် စတွေ့ခဲ့စဥ်က ခံစားရတဲ့ ခံစားချက်၊ အမြင်တွေ.....၊ မိတ်ဆွေ(သူငယ်ချင်း) ဘဝကနေ ဒါမှမဟုတ် ပိုးပန်းစဥ်ကာလကနေ ချစ်သူအဖြစ် ပြောင်းလဲသွားခဲ့ကြတဲ့ အကြောင်းအရာတွေ ၊ ချစ်သူဘဝတစ်လျှောက်လုံး သူနဲ့ ကိုယ့်ရဲ့ အမှတ်တရတွေ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေ ဒါတွေက ဝယ်ယူလို့ ရနိုင်တဲ့ အရာတွေမဟုတ်ပါဘူး။ အချိန်ကာလတစ်ခုကို ရင်းပြီး ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေ ဖြစ်တာကြောင့် နှစ်ယောက်စလုံးအတွက် အချစ်တွေ တိုးစေနိုင်သလို တစ်ဘဝလုံးအတွက်လည်း အမှတ်တရဖြစ်စေနိုင်မယ့် အရာပဲ ဖြစ်ပါတယ်။ 

- စုံတွဲလက်စွပ် 

ချစ်သူစုံတွဲတိုင်းတော့ စုံတွဲလက်စွပ်လေးတွေ လုပ်ထားတတ်ကြတယ်ဆိုပေမယ့် တချို့ စုံတွဲလက်စွပ်လေးတွေ မလုပ်ရသေးတဲ့ သူတွေအတွက်လည်း ချစ်သူများနေ့က စုံတွဲလက်စွပ်လုပ်ဝတ်ဖို့ အကောင်းဆုံး နေ့ကလေးပါပဲ။ ဒါ့ကြောင့် လက်ဆောင်တွေ ရှည်ရှည်ဝေးဝေးလိုက် စဥ်းစားမနေချင်ဘူးဆိုရင် ချစ်သူနဲ့အတူ ဝတ်ရမယ့် စုံတွဲလက်စွပ်လေးသာ ဝယ်လိုက်ပါ။ ဈေးနည်းတာ ၊ ဈေးများတာထက် စုံတွဲလက်စွပ်ဟာ ကိုယ့်မှာ ချစ်မြတ်နိုးစရာ ဒီတစ်ယောက်တည်းရှိကြောင်း ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကို ပြသရာရောက်တာမို့ စုံတွဲလက်စွပ်လေးကလည်း ချစ်သူများနေ့အတွက် အကောင်းမွန်ဆုံး လက်ဆောင်ပါပဲ။ 

အွန်လိုင်းကနေ Printing Gift Service လုပ်ငန်းကို လုပ်ကိုင်နေတဲ့ မရေကြည်သူကတော့ ဒီရက်ပိုင်းအတွင်း သူ့ဆီကို အများဆုံး အော်ဒါတက်လာကြတဲ့ လက်ဆောင်ပစ္စည်းတွေအကြောင်း Duwun ကို ခုလိုပြောပြပါတယ်။ 

"အမှာအများဆုံးကတော့ Magic Mirrorလေးပါ။ သူကဒီအတိုင်းကြည့်ရင်မှန် မီးဖွင့်မှပုံပေါ်လာတဲ့ပစ္စည်းသစ်လေးဆိုတော့ တော်တော်လေးလူကြိုက်များကြတယ်။ စျေးကိုလည်းအသက်သာဆုံးထားပေးထားတော့ ပေးရတာလည်းပေးပျော်သလိုအမှတ်တရလည်းဖြစ်တာပေါ့နော်။ နောက်ထပ်အမှာများတာကတော့ စားပွဲတင်ပြက္ခဒိန်၊ Photo Album၊ ခေါင်းအုံး၊ surprise box၊ နာရီလေးနဲ့တီရှပ်တွေပါ။ တချို့ကအဲ့ဒီနေ့မှာဝတ်ဖို့တီရှပ်ကို တခြားprintတွေထက်ကိုယ်ပုံနဲ့ကိုယ်လုပ်ပြီးဆင်တူဝတ်ကြတာကိုသဘောကျကြတယ်။ သူများနဲ့မတူတဲ့ဖက်ရှင်ပေါ့။ နောက် အရမ်းခေတ်စားနေတာကတော့ အကြီးကြီးRoချင်သူတွေအပ်ကြတဲ့ ပိုက်ဆံပန်းစည်းပါ။ နယ်နဲ့ရပ်ဝေးအထိကိုတောင်ပို့ပေးရပါတယ်" 

Share

Loading Next Article...
က္က