In partnership with  logo
ချစ်သူများနေ့ရောက်ပြီဆိုရင် မဖြစ်မနေ ချစ်ပေး ဂရုစိုက်ပေး ကြင်နာပေးရမယ့်သူတစ်ဥ◌ီး ရှိပါတယ်။

ချစ်သူများနေ့ ရောက်ရှိလာပြီဆိုရင် အားလုံးက ကိုယ့်ချစ်သူအတွက် ဒါမှမဟုတ်လည်း အချစ်ဆုံးသူအတွက် လက်ဆောင်ပေးဖို့ ၊ ကြည်နူးစရာကောင်းတဲ့ နေ့လေး ဖန်တီးပေးဖို့ ၊ ချောကလက်တွေ ၊ ပန်းစည်းတွေ ၊ Surprise တွေ လုပ်ပေးဖို့ပဲ စိတ်အားတွေထက်သန်နေရင်း တကယ်ချစ်ရမယ့်သူ တကယ်ဂရုစိုက်ပေးရမယ့်သူကိုတော့ မေ့လျော့နေတတ်ကြပါတယ်။ ချစ်သူများနေ့ရောက်ပြီဆိုရင် မဖြစ်မနေ ချစ်ပေး ဂရုစိုက်ပေးရမယ့်သူက ဘယ်သူပါလဲ။

ကိုယ်ကိုယ်တိုင်ပါပဲ 

ချစ်သူများနေ့မှာ သူများအတွက်တွေးပေး၊ ချစ်ပေး ၊ ဂရုစိုက်ပေးတာလည်း ကောင်းတော့ကောင်းပေမယ့် တကယ်တမ်း ချစ်ပေးရမယ့်သူက ကိုယ်ကိုယ်တိုင်ကိုပါပဲ။ လူတွေက သူများကို ချစ်ဖို့ ဂရုစိုက်ဖို့ပဲ တွေးနေရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ ဂရုစိုက်ဖို့ကိုတော့ တွန့်ဆုတ်နေတတ်ကြပါတယ်။ 

သူတပါးဆီက လက်ဆောင်ကို မျှော်ကိုးမနေပါနဲ့ 

ဒီလို ချစ်သူများနေ့လို ရက်မျိုးမှာဆိုရင် မိန်းကလေးတွေက ကိုယ်ချစ်ရသူဆီက လက်ဆောင်တွေ၊ ပန်းစည်းတွေ ၊ Surprise တွေ ကို လိုချင်တမ်းတတတ်ကြပါတယ်။ တကယ်တော့ သူတပါးက ပေးတဲ့ လက်ဆောင်ထက် ပိုအဖိုးတန်တာက ကိုယ့်ကိုယ်ကိုယ် ပေးတဲ့လက်ဆောင်ပါ။ ကိုယ့်ရဲ့ ကာယ၊ ဥာဏအားနဲ့ ရတဲ့ ဝင်ငွေတွေကို ကိုယ်ချစ်ရတဲ့၊ ကိုယ်မြတ်နိုးရတဲ့ ကိုယ့်အတွက် လက်ဆောင်လေးတစ်ခု ဝယ်ပေးဖို့ မမေ့ပါနဲ့။ 

Single တစ်ဦးဖြစ်တဲ့ မခင်ဂျူးကတော့ ချစ်သူများနေ့ကို သူ ဘယ်လိုကုန်ဆုံးမလဲဆိုတဲ့ပကြောင်း Duwun ကို ခုလိုပြောပြပါတယ်။ 

"ချစ်သူများနေ့က ရုံးတက်တဲ့ ရက်ကြီးဖြစ်နေတော့ ရုံးပဲတက်ဖြစ်မှာပါ။ ရုံးက သူငယ်ချင်းလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းမှာပါ။ ချစ်သူမရှိတဲ့သူတွေ၊ FA တွေ ၊ Single တွေကို ပြောချင်တာကတော့ ချစ်သူများနေ့မှ မဟုတ်ဘဲ ဘယ်နေ့ပဲဖြစ်ဖြစ် အသက်ရှုနေဖို့သတိရသလို ပျော်ရွှင်စွာနေနိုင်ဖို့အမြဲသတိရပါလို့ပြောချင်ပါတယ်။" 

သူတပါးရဲ့ အချစ်ကိုလည်း မမျှော်ကိုးပါနဲ့ 

သူစိမ်းတစ်ယောက်အပေါ် ချစ်တဲ့ ချစ်ခြင်းတရားဟာ သက်တမ်းမရှည်ပါဘူး။ သုံးနှစ်တာလောက် ဖြတ်သန်းပြီးပြီဆိုရင် အချစ်ဟာ မီးစာကုန်ရေခမ်း ဖြစ်လာတတ်ပါတယ်။ ဒါကိုမှ သံယောဇဥ်တွေ၊ နားလည်မှုတွေ ၊ သူ့အတ္တ ကိုယ့်အတ္တ ယှဥ်ထိုးရင်း ချစ်ခြင်းကို ဆက်ရတာပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့ အချစ်ကတော့ ကိုယ် မသေမချင်း ချစ်သွားနိုင်တဲ့ တာရှည်ခံအချစ်မျိုးပါ။ သူတပါးရဲ့ အချစ်ကို မျှော်ကိုးနေရတာက အရမ်းပူလောင်လွန်းပါတယ်။ သူတပါးရဲ့ အချစ်ကိုရဖို့ ၊ သူတပါးအချစ်ခံရဖို့ ကိုယ့်ရဲ့ ပုံစံတွေ၊ အပြုအမူတွေ၊ ကိုယ့်ရဲ့ ခံယူချက်တွေ ၊ ကိုယ့်အတ္တတွေကို ပြုပြင်ပြောင်းလဲရတယ်ဆိုတာ တကယ်တော့ အတော်ကို ခက်ခဲတဲ့ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတပါးအချစ်ကို တမ်းတမျှော်လင့်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် တစ်ဝကြီး ချစ်ဖို့သာ ကြိုးစားပါ။ 

Single တစ်ယောက်ဖြစ်တဲ့ ခိုင်သင်ဇာပိုမိုကတော့ ချစ်သူများနေ့ကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကို Duwun ကို ခုလိုပြောပြပါတယ်။ 

"ချစ်သူများနေ့က ခရီးသွားတဲ့ရက်နဲ့တိုက်တော့ ခရီးသွားရင်းပဲ အချိန်ကုန်ဖြစ်မယ်ထင်တယ်။ ချစ်သူများနေ့ကို ဖြတ်သန်းဖို့ စိတ်ကူးထားတာကတော့ ပုံမှန်ပဲ.. သူငယ်ချင်းတွေ မိတ်ဆွေတွေကို ချောကလက်ဘူးနဲ့ love cards လေးတွေပေးဖို့ စိတ်ကူးထားတာ ။အခုတော့ ခရီးသွားရင်းပဲ အတူသွားတဲ့သူတွေကို အမှတ်တရအနေနဲ့ ချောကလက်ပေးဖြစ်မယ်ထင်တယ်။"

ချစ်သူမရှိလည်း ဘာမှမဖြစ်ပါဘူး 

အချစ် လို့ ပြောလိုက်ရင် လူတွေက သမီးရည်းစားအချစ်ကိုသာ မြင်တတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ဝန်းကျင်မှာ ကိုယ့်ကို ချစ်တဲ့ ကိုယ်က ချစ်တဲ့ သူတွေ အများကြီးပါ။ လုပ်ငန်းခွင်မှာ ကိုယ်နဲ့ အကြောင်းသိ စိတ်တူကိုယ်တူ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ ချစ်ရသလို အပြင်လူမှု့ဘဝမှာလည်း ကိုယ့်ကို ချစ်တဲ့ ကိုယ်က ချစ်ရတဲ့ သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေမှ တစ်ပုံတစ်ပင်ကြီးပါ။ ချစ်သူများနေ့တစ်ရက်တည်း Ro နေတာကို ကြည့်ပြီး အားကျနေလို့မရပါဘူး။ လက်တွေ့ဘဝမှာ တစ်နေ့တစ်နေ့ ပြဿနာတွေ တစ်ပုံတစ်ပင်နဲ့ ဝမ်းနည်းငိုကြွေးနေရတဲ့ သမီးရည်းစားဆက်ဆံရေးထဲမှာ နေထိုင်နေရတာထက်စာရင် တစ်ယောက်တည်း ကိုယ့်စိတ်၊ ကိုယ့်ကိုယ် နေခွင့်ရတဲ့ ဘဝက ပိုကျေနပ်စရာကောင်းပါတယ်။ ဒါ့ကြောင့် သူများကို စိတ်ပင်ပန်း လူပင်ပန်း ချစ်နေရတာထက်စာရင် ကိုယ့်ကိုယ်ကိုယ် စိတ်ချလက်ချ ချစ်တာ၊ ကိုယ့်ဝန်းကျင်က ကိုယ်နဲ့အတူ ရယ်မောပျော်ရွှင်နိုင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ချစ်တာက ပိုပြီး ကျေနပ်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်ရစေပါတယ်။ 

ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့မမေ့ပါနဲ့ 

လူတွေဟာ သူတပါးအချစ်ခံရဖို့ ၊ သူတပါးသဘောကျစေဖို့ လိုက်ပြီး သူတပါးသဘောကျနေထိုင်နေရင်းက စိတ်ဓာတ်ကျတာတွေ၊ အထီးကျန်ဆန်တာတွေ ၊ ဝမ်းနည်းပူဆွေးရတာတွေ ခံစားကြရပါတယ်။ ဒီလို ချစ်သူများနေ့မှာဆိုရင် အတူဆင်နွှဲဖို့ ချစ်သူမရှိဘူးဆိုပြီး အားငယ်နေတတ်ကြပါတယ်။ အထက်ကပြောပြခဲ့သလိုပါပဲ။ သူတပါးအချစ်ကို မျှော်ကိုးနေတာတွေ၊ သူတပါးအချစ်ကို လိုချင်နေတာတွေ ၊ သူတပါးချစ်အောင် ပြုမူနေထိုင်နေရတာတွေက ကြာလာရင် လူကို စိတ်ပင်ပန်းစေသလို အချစ်ဆိုတာဟာလည်း တာရှည်မခံတဲ့အတွက် အချိန်ကြာလာရင် ရိုးအီသွားတတ်ပါတယ်။ သူတပါးဆီက အသိအမှတ်ပြုမှု နဲ့ အချစ်ကို လိုချင်နေသရွေ့တော့ ကိုယ်ဟာ စိတ်အားငယ်ဝမ်းနည်းမှုတွေ ရင်ဆိုင်နေရမှာပါပဲ။ ကိုယ့်ကိုယ်ကိုယ်သာ ချစ်ပြီး ကိုယ့်စိတ်တိုင်းကျ ဘဝကို လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်နိုင်တဲ့ ဘဝကသာ တကယ်ကို ပျော်ရွှင်စရာကောင်းတာပါ။ တစ်စုံတစ်ယောက်အပေါ် တည်မှီတဲ့ ပျော်ရွှင်မှုဆိုတာ ဝမ်းနည်းနေရတဲ့ အချိန်တွေ ပိုများပါတယ်။ 

Life Coach တစ်ယောက်ဖြစ်တဲ့ မနန်းအိအိမွန်ကတော့ တစ်ယောက်တည်း အထီးကျန်နေတဲ့သူတွေအတွက် ဘယ်လို စိတ်ထားသင့်သလဲဆိုတာကို Duwun ကို ခုလိုပြောပါတယ်။ 

"valentine's day နဲ့ ပတ်သက်ပြီး တစ်ခုပြောပြချင်တာက research တစ်ခုရှိတယ်၊ valentine's day တို့၊ december holiday တို့လို ရက်မျိုးတွေမှာ လူတွေရဲ့ mental health လူတွေရဲ့ စိတ်ခံစားချက်တွေ insecurity တွေဖြစ်တာတို့ ၊ loneliness ဖြစ်တာတွေ depression ဖြစ်တာတွေရဲ့ rate တွေက ပိုတက်လာတယ်တဲ့။ အဲဒါတွေရဲ့ အဓိကဖြစ်ရတဲ့ အကြောင်းရင်းကတော့ တော်တော်များများ ဒီလိုမျိုး ချစ်သူများနေ့ တို့ ချစ်ခြင်းမေတ္တာတို့နဲ့ ပတ်သက်ပြီး ဆင်နွှဲရတာတွေမှာ အဲဒီလို မဆင်နွှဲနိုင်သူတွေက အရမ်းကို ကျန်ရစ်တဲ့ ခံစားချက်တွေကို ပိုပြီးတော့ ဖြစ်လာစေတယ်၊ အဲဒါတွေက ဒီဘက်ခေတ်မှာ common ပေါ်ဖြစ်လာတာကို သတိထားမိလာတယ်။ အဲဒီ research ကို ဖတ်ပြီးတော့ တစ်ခုစဥ်းစားမိတာက ဘယ်နေ့မှာမဆို လူတိုင်းက ချစ်ခြင်းမေတ္တာလို့ ပြောလိုက်ရင် ပုံစံအမျိုးမျိုးရှိတယ်။ ချစ်ခြင်းမေတ္တာပုံစံမျိုးစုံ အားလုံးကို ဆင်နွှဲသင့်တယ်လို့ ထင်တယ်၊ အထူးသဖြင့် ကျွန်မငယ်တုန်းကဆိုရင် ဒီလိုနေ့တွေမှာ ကိုယ့်သူငယ်ချင်း၊ ရည်းစား ၊ ကိုယ်ချစ်တဲ့သူတွေကို ချောကလက်တွေပေးတယ်၊ ပန်းတွေပေးတယ်၊ တခြားသူတွေနဲ့ ကိုယ်နဲ့ ရှိတဲ့ Relationship ကို ဆင်နွှဲတယ်၊ ဒါပေမယ့် ခုချိန်မှာ အသက်နည်းနည်းကြီးလာတဲ့အခါမှာ စဥ်းစားမိတာ တစ်ခုကတော့ တကယ့်အလုပ်သင့်ဆုံးတစ်ခုပေါ့၊ လူတိုင်းမေ့နေတာက ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့က ပိုအရေးကြီးတယ်လို့ ထင်တယ်၊ ဒါက လူတိုင်းမေ့နေတတ်ကြတာလေနော်၊ ဆိုတော့ ကျွန်မက valentine's day မှာ ဘာလုပ်မလဲဆိုတော့ အရင်လိုပါပဲ။ ကိုယ့်ကိုချစ်တဲ့သူတွေ၊ ကိုယ်ကချစ်ရတဲ့သူတွေကို နေ့တိုင်းဂရုစိုက်သလို ဆက်ချစ်ပေး ဆက်ဂရုစိုက်ပေးသွားဖို့ရှိတယ်။ LOVE & CARE ဆက်ပေးသွားဖို့ရှိတယ်။ ဒါပေမယ့် အရင်နဲ့မတူတာကတော့ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်သွားဖို့ ၊ ကိုယ့်ကိုယ်ကိုယ် ပိုချစ်သွားဖို့ ၊ Appreciate လုပ်သွားဖို့ Selfcare ပေါ့။ အထူးသဖြင့် HEALTH နဲ့ Emotional ပေါ့၊ ဒါတွေကို အချိန်ပေးသွားဖို့ စီစဥ်ထားတယ်၊ စီစဥ်ဖြစ်ပါတယ်၊ valentine's day တစ်နေ့မှမဟုတ်ပါဘူး၊ ကျန်တဲ့နေ့တွေကောပါပဲ။" 

Share

Loading Next Article...
က္က