နေဒွေးကတော့ ရည်းစားဟောင်းဖြစ်သူ သံစဉ်မောင်ကို ထိခိုက်နာကျင်အောင် မလုပ်ခဲ့တာကြောင့် အမှုကိုအမှန်အတိုင်းရင်ဆိုင်သွားမယ်လို့ပြောပါတယ်။
သရုပ်ဆောင်နေဒွေးကိုတော့ ရည်းစားဟောင်းဖြစ်သူ သံစဉ်မောင်ဘက်က ထိခိုက်နာကျင်စေမှု ပုဒ်မ ၃၂၃ နဲ့ အမှုဖွင့်ထားတဲ့အပေါ် နေဒွေးဘက်ကလည်း အခုလို ပြောပြလာပါတယ်။ နေဒွေးကလည်း တရားစွဲဆိုခံထားရတဲ့အမှုကို ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ပြီး အမှုနိုင်သွားရင် သူ့ရဲ့ ဂုဏ်သိက္ခာအတွက် ပြန်လည်ပြီးတော့ တရားစွဲဆိုသွားမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားပါတယ်။
“ လောလောဆယ်တော့ သူတို့ဘက်က ကျွန်တော့်ကို ပုဒ်မတက်ထားတာက ပုဒ်မ ၃၂၃ ဆိုတာ သာမန်နာကျင်စေမှု အနေနဲ့တက်ထားတယ်။ အဲဒါကိုလည်း အရင်ဆုံး ကျွန်တော် တရားရင်ဆိုင်မယ်။ အဲဒီပုဒ်မမှာ ကျွန်တော် သူ့ကို ဘာမှ နာကျင်အောင်မလုပ်ထားဘူး။ ကျွန်တော့်ဘက်က ထိခိုက်နစ်နာအောင် ဘာမှ မလုပ်ထားဘူးဆိုတာကို ရင်ဆိုင်ပြီးမှာ ဒီအမှုကို ကျွန်တော် နိုင်သွားပြီဆိုရင်တော့ သူ့ကို ကိုယ့်ဂုဏ်သိက္ခာတွေအတွက် ဆက်လုပ်သွားမှာပါ” လို့ သူက ဆိုပါတယ်။
Photo: Nay Dway
အဲဒီနောက် သံစဉ်မောင်ရဲ့ လက်ကျိုးခဲ့တာကလည်း နေဒွေးက သူလုပ်ခဲ့တာ မဟုတ်တဲ့အကြောင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုထားပါသေးတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လည်း သက်သေခိုင်ခိုင်မာမာရှိတယ်လို့ နေဒွေးက ပြောပါတယ်။
“ လက်ကြီးကို အပိုင်းပိုင်းဖြစ်အောင် လုပ်တယ်ဆိုတာမျိုးက ဘယ်လိုမှ လုပ်လို့မှမရတာ။ သူအရင်က ပြောထားတာ ကျွန်တော်လုပ်တယ်လို့ ပြောတယ်၊ ဒီကိစ္စကို ကျွန်တော့်ဘက်က ကားမှောက်ထားတဲ့ ဒဏ်ရာပါလို့ ပြန်ဖြေရှင်းလိုက်တော့ သူ့ရဲ့ နောက်ထပ် အင်တာဗျူးတွေမှာ ကားမှောက်တယ်ဆိုတဲ့ စကားဖြစ်သွားတယ်။ ဒါတွေဟာ စကားကွဲလွဲမှုတွေပေါ့နော်။ ကျွန်တော်အခုချိန်မှာ အေးအေးဆေးဆေးလွတ်လွတ်လပ်လပ်နေတယ်ဆိုတာကလည်း ကျွန်တော့်ဘက်မှာ သက်သေအထောက်အထားအပြည့်အစုံရှိတယ်လေ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက Road to Yellow Tail ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
Photo: Nay Dway
လက်ရှိမှာတော့ နေဒွေးဟာ ရုံးချိန်းတွေ တက်ရောက်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ တရားခွင်ကို သွားရောက်ဖို့ စာရောက်လာရင်လည်း အမှန်အတိုင်း ပြောပြသွားမယ်လို့ သူက ဆိုပါတယ်။
“ရုံးချိန်းဆိုတာ ကျွန်တော့်အတွက်တော့ ဆင့်ခေါ်စာလိုတယ်ခင်ဗျ။ သူတို့ဘက်က ဆင့်ခေါ်စာလာပေးတယ် ကျွန်တော်ရုံးချိန်းတက်ရမယ် ဆိုရင်တော့ တက်မှာပါ။ အခုတော့ ထွေထွေထူးထူးဘာမှ မရှိသေးပါဘူး။ ကျွန်တော့်အလုပ်ကိုပဲ ကျွန်တော် ကြိုးစားလုပ်နေတယ်။ အမှန်တရားကတော့ တစ်နေ့ကျရင် အဖြေပေါ်လာမှာပါပဲ။ ကျွန်တော့်မှာသာ သက်သေမရှိဘူးဆိုရင် တော်တော်ကြောက်နေမိမှာ။ အလုပ်လည်း လုပ်လို့ရမှာ မဟုတ်သလို အပြင်လည်းထွက်လို့ရမှာ မဟုတ်ဘူး။ ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Nay Dway
နေဒွေးကို သရုပ်ဆောင် သံစဉ်မောင်က ပုဒ်မ ၃၂၃ နဲ့ ရန်ကင်းတရားရုံးမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။ နေဒွေးကိုဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ သူ ကိုယ်တိုင်ကလည်း ထုတ်လုပ်ရေး တိုက်များစွာနဲ့တွဲပြီး စာချုပ်ချုပ်ရိုက်နေရတာဖြစ်တဲ့အတွက် ပရိုဂျူဆာတွေစိတ်ကြိုက်ရိုက်ပေးနေရတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်က လည်း အရည်အသွေးမြှင့်တဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ချင်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Share