သဇင်ထူးမြင့်ကတော့ "ဆိုးပေ" ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ထွန်းထွန်း၊ ပိုင်ဖြိုးသု တို့နဲ့ အတူ ပါဝင်သွားမယ်လို့ ဆိုပါတယ်။
သဇင်ထူးမြင့်ကတော့ ဖခင်ဖြစ်သူ ခင်လှိုင်ကိုယ်တိုင်ရိုက်ကူးမယ့် "ဆိုးပေ" ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရမယ့် သူမရဲ့ ကာရိုက်တာ အကြောင်းလေးကိုလည်း Duwun ကနေ ပြောပြလာပါတယ်။
“ ဖေဖေ ပေးထားတဲ့ ကာရိုက်တာကို သဲ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဒီဇာတ်ကားမှာ သဲပါရမယ့် ကာရိုက်တာက ကိုထွန်းထွန်းက သဲကို ကြိုက်တာ။ မသု နဲ့ကျတော့ ယောက်မ ပုံစံလေး အပြိုင်ဇာတ်လေးပါ။ ဖေဖေ ကိုယ်တိုင်လည်း ဒီဇာတ်ကားအတွက် တော်တော်လေး ကြိုးစားထားတယ်။ Location တွေကိုလည်း ခဏခဏ သွားကြည့်ဖြစ်တယ်။ ဒီကားမရိုက်ခင် အမှတ်တရလေးရှိတယ်။ အဲဒါက Photo Shooting နေ့မှာတင် ကလေးတွေနဲ့ ဆော့နေရတာ။ ဆိုးပေ လုပ်မယ့် ကလေးလေးကလည်း အရမ်းသွပ်လွန်းတယ်" လို့ ဆိုပါတယ်။
Photo: Khin Hlaing
သဇင်ထူးမြင့် ဟာ ဖခင်ဖြစ်သူနဲ့အတူတူ ဇာတ်လမ်းတွဲရိုက်ရမှာဖြစ်လို့ ဒီဇာတ်ကားလေးက အမှတ်တရရှိတယ်လို့ ဆိုပါတယ်။ မရိုက်ဖူးသေးတဲ့ ကာရိုက်တာဖြစ်တဲ့အတွက် ရင်ခုန်နေတယ်လို့ သြဂုတ်လ (၈) ရက်နေ့ မနက်ပိုင်းက "ဆိုးပေ" ဇာတ်လမ်းတွဲကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။
“ ဖေဖေက ဒီဇာတ်လမ်းတွဲရိုက်ဖို့ရှိတယ် ဆိုပြီးတော့ ဇာတ်ရေးနေတဲ့ အချိန်မှာ ရိုက်မယ် ဆိုတာပဲ သိတာ ကိုယ်ပါမယ်လို့ မသိထားဘူး။ ဖေဖေ လည်း တကယ်မသိပါဘူး။ ထွန်းဝီရ တို့နဲ့ သီချင်းလုပ်နေတဲ့ အချိန်မှာ အန်တီ ပတ္တမြားကနေပြီးတော့ သဲလေးကိုလည်း ဒီကားထဲမှာ ထည့်ပေးပါလားလို့ဆိုတော့ ဖေဖေက သဲလေးပါရမယ့် ကာရိုက်တာက ဒီနေရာလေးဆို ပိုအဆင်ပြေတယ်လို့ပြောတယ်။ ရင်လည်းခုန်တယ်။ ဖေဖေပေးတဲ့ ကာရိုက်တာကိုလည်း သဲ မရိုက်ဖူးဘူး။ ပြီးတော့ ၁၂ လရာသီပွဲတော်တွေကို အခြေခံပြီးရိုက်ထားတာ ဆိုတော့ ကလေးလေးတွေလည်း ပါတဲ့အတွက် ပိုပျော်ဖို့ကောင်းတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: Khin Hlaing
“ ဆိုးပေ” ရုပ်သံဇာတ်လမ်းတွဲထဲမှာ အကယ်ဒမီထွန်းထွန်း၊ ထွန်းဝီရ၊ နောင်ထူး၊ အကယ်ဒမီပိုင်ဖြိုးသု၊ သဇင်ထူးမြင့်၊ ဇော်ဝင်းနိုင်၊ ခင်လှိုင်၊ အကယ်ဒမီတက္ကသိုလ်ဂွမ်းပုံ၊ နန်းခင်မွှေး၊ Gဆိုင်းဂျာ နဲ့ အံ့မင်းညို တို့က ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး ကလေးသရုပ်ဆောင်များ အနေနဲ့ မင်းရွှေရောင်တင်၊ လပြည့်ထွန်း၊ သုတအောင်၊ စွမ်းစွမ်း၊ သူရမြင့်မြတ်ကျော်၊ ရှိုင်းဝဏအောင်၊ သုမန်အောင် နဲ့ အိန်ဂျယ်ဝတ်မှုံတို့က ပါဝင်သရုပ်ဆောင် ကြမှာဖြစ်ပါတယ်။
သဇင်ထူးမြင့်ကတော့ သရုပ်ဆောင်၊ ဒါရိုက်တာ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေး၊ သရုပ်ဆောင် နေရဲရဲ့ ညီမအငယ်ဆုံးလေးတစ်ယောက်ပါ။ ပညာရေးမှာလည်း ထူးချွန်သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း အကောင်းဆုံးကြိုးစားနေတာ တွေ့ရပါတယ်။ တက်သစ်စ လူငယ်အနုပညာရှင်တွေထဲမှာ သဇင်ထူးမြင့်ကလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်လာတဲ့ လူငယ် အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။