ချစ်တတ်တာကလည်း ပြိုင်စံရှားပါပဲ။

နိုင်းဝမ်းက သူ့ရဲ့ ချစ်သူလေးနဲ့သာ အကြောင်းတစ်စုံတစ်ရာကြောင့် ဝေးရမယ်ဆိုရင် သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့ ဆုံးဖြတ်ပြီးသားပါတဲ့။ ဘဝနဲ့ထပ်တူချစ်ရတဲ့ မိန်းမသားကလည်း အမေနဲ့ ချစ်သူ ပဲရှိတယ်လို့ ဆိုပါတယ်။

Photo: Nine One



အဆိုတော်နိုင်းဝမ်းကတော့ ၁၀ နှစ်အကြာတွေ့ဆုံလာတဲ့ ချစ်သူလေးနဲ့ ၂၀၂၀ မှာ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီ ချစ်သူလေးနဲ့သာ ဖူးစာမဆုံဖြစ်ခဲ့ရင် သာသနာ့ဘောင်ထဲ အပြီးဝင်ဖို့ ဆုံးဖြတ်ပြီးသားပါလို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’ ဘဝမှာ အရေးကြီးဆုံးကတော့ အမေ နဲ့ သူနဲ့ပဲ။ ကျွန်တော့်ဘဝထဲမှာ အချစ်ဆုံး မိန်းမသားနှစ်ယောက်ပေါ့။ အဲဒီထက်ပိုပြီး နှိုင်းမပြတတ်တော့ပါဘူး။ အဲဒီ နှစ်ယောက်ရှိလို့လည်း အသက်ရှင်နေတယ်လို့ ကျွန်တော်ထင်တယ်။ အဓိက ကတော့ ကျွန်တော့် ကောင်မလေးကိုပေါ့ သူသာမရှိတော့ရင် ကျွန်တော်က ရဟန်းခံမှာ။ သူဆိုတဲ့ သံယောဇဉ်လေးကြောင့် ပုထုဇဉ်လူသားအနေနဲ့ ဆက်ပြီးတော့ ကြိုးစားနေတာပေါ့’’လို့ သူကဆိုပါတယ်။

Photo: Nine One

ချစ်သူကို တန်ဖိုးထားလွန်းတဲ့ စိတ်ကြောင့် သာသနာ့ဘောင်ထဲ မဝင်သေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ အသက် ၅၀ ပြည့်ရင်တော့ ရဟန်းဝတ်ဖို့ ဆုံးဖြတ်ထားတယ်လို့ နိုင်းဝမ်းက ပြောပါတယ်။

‘’ ရဟန်းဘောင်ထဲအရမ်းဝင်ချင်တယ်။ သာသနာ့ဘောင်မှာ နေချင်တယ်။ သေတဲ့အထိပေါ့နော်။ အဲဒါကို အမေကလည်း အားပေးတယ်။ ကျွန်တော့် အသက် ၅၀ ရောက်ရင်တော့ ရဟန်းဝတ်မယ်လို့ စိတ်ကူးထားတယ်။ သူ့ကိုလည်း ပြောပြထားပါတယ်။ အမေကတော့ ကျွန်တော် ရဟန်းခံသွားလည်း ကိစ္စမရှိဘူး။ သူကျတော့ ကျွန်တော်ရဟန်းခံသွားရင် သူ့ကို စောင့်ရှောက်မယ့်လူ မရှိတော့ဘူး။ သူ့သံယောဇဉ်လေးကြောင့် ကျွန်တော် မဝတ်ဖြစ်သေးတာပေါ့နော်။ အဲဒီလောက်အထိကို တန်ဖိုးထားပါတယ်’’ လို့ ဆိုပါတယ်။

Photo: Nine One

နိုင်းဝမ်းက ကောင်မလေးကို ချစ်မိသွားတဲ့ အချက်ကတော့ စိတ်ဓာတ်လေးက ရိုးသားဖြူစင်လွန်းတယ်လို့ ဆိုပါတယ်။ ငယ်ငယ်ကတည်းက ချစ်ရတဲ့ ချစ်သူနဲ့ လက်တွဲခွင့်ရတယ်လို့လည်း သြဂုတ်လ ၂၄ ရက်နေ့က ရန်ပုံငွေ ဘောလုံးပွဲ ကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ သူ့ရဲ့ ရိုးသားတဲ့ အချက်လေးက ကြွေမိတာပေါ့နော်။ သူက အရမ်းရိုးသားတယ်၊ ဖြူလည်းဖြူစင်တယ်။ ငယ်ငယ်လေးကတည်းကပါ။ သူနဲ့တွေ့တာကလည်း ငယ်ငယ်လေးကတည်းကဆိုတော့လေ၊ သူ ၉ တန်း၊ ၁၀ တန်းလောက်ကတည်းက ကျွန်တော်တွေ့တာဆိုတော့ ငယ်ချစ်တွေပေါ့။ သူနဲ့ စတွေ့တာက ၇ ရက်၊ ၉ လ၊ ၂၀၀၉ ပေါ့နော်။ အခုဆို ၁၀ နှစ်ကြာပြီပေါ့။ ကြားထဲမှာတော့ ကျွန်တော့် မိုက်ပြစ်တွေနဲ့ တစ်နှစ်လောက် လမ်းခွဲလိုက်သေးတယ်’’ ဆိုပြီးတော့ ဆက်လက်ပြောပြလာပါတယ်။

Photo: Nine One

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲကို  ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ ယခုလက်ရှိမှာ သာယာတဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နိုင်းဝမ်းဟာ ချစ်သူနဲ့လည်း ခရီးတွေ ဆက်တိုက်ထွက်ဖြစ်သလို ပရဟိတအလုပ်တွေ ကုသိုလ်ရေးတွေကိုလည်း အရင်ကထက် ပိုပြီး လုပ်ကိုင် လာသူလည်း ဖြစ်ပါတယ်။ နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က