ဘင်္ဂလားပင်လယ်အော်မှ အလွန့်အလွန်အားကောင်းတဲ့ စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် ဦးတည်ချဥ်းကပ်လာနေတဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာ လူဦးရေ သန်းနဲ့ချီ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
(Photo: Piyal Adhikary/EPA)
ဆိုင်ကလုန်းအမ်ဖန် (Cyclone Amphan) ဟာ အိန္ဒိယနဲ့ ဘင်င်္ဂလားဒေ့ရှ် နယ်စပ်အနီးကနေ ကုန်းတွင်းပိုင်းကို ယနေ့ (မေ ၂၀ ရက်) ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အိန္ဒိယမှာ ကယ်ဆယ်ရေးအဖွဲ့ ၂၀ ကျော်ကို အသင့်ဖြန့်ကျက်ချထားပြီး နောက်ထပ် အဖွဲ့တွေကိုလည်း အသင့်ပြင်ထားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
နှစ်နိုင်ငံလုံးမှာ COVID-19 ကူးစက်ဖြစ်ပွားမှုတွေရှိနေရာ မုန်တိုင်းလမ်းကြောင်းရှိ ဒေသခံတွေကို ရွှေ့ပြောင်းရာမှာ တာဝန်ရှိသူတွေအတွက် ပိုမိုခက်ခဲခဲ့ပါတယ်။ "လူတွေကို သူတို့နေအိမ်တွေကနေ ရွှေ့ပြောင်းဖို့ ခြောက်နာရီလောက်ပဲ အချိန်ကျန်တော့တယ်၊ ပြီးတော့ လူအချင်းချင်း ခပ်ခွာခွာနေကြဖို့လည်း ဆောင်ရွက်ရပါတယ်" လို့ အိန္ဒိယ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာမှ တာဝန်ရှိသူ SG Rai က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။
(Photo: AP)
ဆိုင်ကလုန်းအမ်ဖန်ဟာ ၁၉၉၀ ပြည့်နှစ်က ဩရိသမုန်တိုင်းပြီးလျှင် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာတဲ့ ပထမဆုံး စူပါဆိုင်ကလုန်းမုန်တိုင်းလည်း ဖြစ်ပါတယ်။ ဩရိသမုန်တိုင်း တိုက်ခတ်ခဲ့စဥ်က လူ ၉,၈၀၀ ကျော် သေဆုံးခဲ့ပြီး အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်ကို တိုက်ရိုက်ဖြတ်သန်း တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။
စူပါဆိုင်ကလုန်း အမ်ဖန်ဟာ ပင်လယ်ပြင်မှာ လေတိုက်နှုန်း တစ်နာရီလျှင် ၁၆၅ မိုင်အထိဖြင့် တိုက်ခတ်နေခဲ့ပြီး ပြင်းအားအဆင့်အမြင့်ဆုံး Categor 5 မုန်တိုင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ အမ်ဖန်ဟာ ကမ်းရိုးတန်းဒေသ ကုန်းတွင်းပိုင်းကို ဝင်ရောက်စဥ်မှာတော့ လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၅ မိုင်ဖြင့် ဖြတ်သန်းတိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားပါတယ်။
အိန္ဒိယနဲ့ကပ်လျက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း အားအကောင်းဆုံး စူပါဆိုင်ကလုန်းအမ်ဖန် ဝင်ရောက်မယ့်အခြေအနေကို တာဝန်ရှိသူတွေက စိုးရိမ်ပူပူန်ကြပါတယ်။ အမ်ဖန်ဟာ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်ခဲ့သမျှ မုန်တိုင်းတွေအနက် ၂၀၀၇ ခုနှစ်က လူ ၃,၅၀၀ သေဆုံးခဲ့တဲ့ Cyclone Sidr နောက်ပိုင်း အားအကောင်းဆုံး ဖြစ်လာမယ်လို့ ဆိုပါတယ်။
Cyclone Sidr တိုက်ခတ်စဥ်က သေဆုံးခဲ့သူ အများစုဟာ မုန်တိုင်းအရှိန်ဖြင့် ပင်လယ်ရေမြင့်တက်လာကြောင့် ဖြစ်ပါတယ်။ လက်ရှိမှာ ဆိုင်ကလုန်းအမ်ဖန်ရဲ့ လေတိုက်နှုန်းဟာ ကုန်းတွင်းပိုင်းကို မဝင်ရောက်မီ အနည်းငယ် လျော့နည်းသွားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။ မုန်တိုင်းအရှိန်ကြောင့် ကမ်းရိုးတန်းဒေသတွေမှာ အမြင့် ၁၀ ပေမှ ၁၆ ပေအထိရှိတဲ့ ပင်လယ်ရေလှိုင်း တက်ရောက်နိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
(Photo: K. Shanto/Getty Images)
စူပါဆိုင်ကလုန်း အမ်ဖန် ဝင်ရောက်တိုက်ခတ်မယ့် အန္တရာယ်ကြောင့် အိန္ဒိယမှာ လူဦးရေ ၅ သန်းနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူဦးရေ ၂ သန်းကို ကမ်းရိုးတန်းဒေသများမှ ဘေးကင်းရာနေရာများသို့ ရွှေ့ပြောင်းပေးနေကြပါတယ်။ ဆိုင်ကလုန်းအမ်ဖန်ဟာ ယနေ့ မွန်းလွဲပိုင်းအချိန်မှာ အိန္ဒိယနိုင်ငံ ဘင်ဂေါနဲ့ ဩရသပြည်နယ်များကို ဝင်ရောက်တိုက်ခတ်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်ရွေ့လျားသွားမယ်လို့ မိုးလေဝသဌာနတွေက ခန့်မှန်းထားကြောင်း သိရပါတယ်။
စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်နဲ့ မြန်မာနိုင်ငံ
စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ဟာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိသေးရာ မုန်တိုင်းသတိပေးချက်ကို အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေ ၂၀ ရက် မနက် ၂ နာရီအချိန် သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဆိုင်ကလုန်းအမ်ဖန် အရှိန်ကြောင့် မေ ၂၀ ရက်မှ ၂၁ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားပါတယ်။
ဒါ့အပြင့် အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ရဲ့ အရှိန်ကြောင့် မေ ၂၀ ရက်မှ ၂၁ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှာ တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ မြေပြင်လေတိုက်ခတ်မှုရှိနိုင်ပါတယ်။
(Photo: မိုး/ဇလ)
မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ရံဖန်ရံခါ မိုးသက်လေပြင်းကျပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမယ်လို့ မိုး/ဇလက ပြောထားပါတယ်။ မိုးသက်လေပြင်းကျစဥ် ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၆ ပေခန့်ရှိနိုင်ကြောင်း သိရပါတယ်။
ထို့အတူ ဆိုင်ကလုန်းအမ်ဖန်ရဲ့ အရှိန်ကြောင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးမယ်လို့ ဆိုပါတယ်။ ထိုကမ်းရိုးတန်းဒေဿတွေမှာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်ရှိနိင်ကြောင်း မိုး/ဇလရဲ့ ယနေမနက် ၂ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Share