ပီအက်စ်ဂျီတိုက်စစ်ကစားသမား နေမာက နန့်တက်စ်ကို အနိုင်ရပြီး ပြင်သစ်စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နောက် ဆုပေးပွဲ အခမ်းအနားမှာ သူကိုယ်တိုင် ပီအက်စ်ဂျီကစားသမားတွေကို ဆုတံဆိပ် ချီးမြှင့်ခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက နန့်တက်စ်ကို လေးဂိုးပြတ်နဲ့ အနိုင်ရဗိုလ်စွဲခဲ့တာပါ။
ဒီပွဲမှာ ပီအက်စ်ဂျီအတွက် ဂိုးတွေကို နေမာက ဖရီးကစ်နဲ့ပင်နယ်တီကတဆင့် နှစ်ဂိုး၊ မက်ဆီ နဲ့ ရာမို့စ်တို့က တဂိုးစီ သွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ နေမာရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကစားပုံအပေါ်မှာလည်း ချီးကျူးနေကြပါတယ်။
ပြိုင်ဘက်နည်းပြကိုယ်တိုင်ကပါ နေမာကို “မင်း အခု ခံစစ်ဆင်းကစားနေပြီလား” လို့ မေးယူရတဲ့အထိကို နေမာတယောက် လိုက်ကစားပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီး ဆုပေးပွဲအခမ်းအနားမှာ သာမန်အားဖြင့် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေကသာ ကစားသမားတွေ၊ နည်းပြတွေကို ဆုတံဆိပ် ချီးမြှင့်ရလေ့ရှိတာပါ။
ဒါပေမယ့် နေမာကတော့ အခုလိုပဲ ထူးထူးဆန်းဆန်းနဲ့ သူကိုယ်တိုင်ပဲ နောက်နောက်ပြောင်ပြောင်နဲ့ အသင်းဖော်တွေကို ပြန်ပြီး ဆုတံဆိပ်တွေ ပြန်လည်ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နေမာရဲ့ အပြုအမူနဲ့ ပတ်သက်လို့သဘောကျနေပြီး ဒီဗီဒီယိုကလည်း ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။
နေမာဟာ လက်ရှိနွေရာသီမှာ အသင်းကနေ ရောင်းထုတ်ခြင်းခံရမယ်လို့ ထင်ကြေးပေးခံထားရတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်က အသင်းကနေ ထွက်ခွာဖို့ စိတ်ကူးမရှိဘဲ လက်ရှိအချိန်မှာတော့ အသင်းဖော်တွေနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ကြိုးစားပြုမူနေထိုင်နေတာကိုလည်း မြင်တွေ့နေရပါတယ်။