မနေ့ညက ကစားခဲ့တဲ့ ဂါလာတာစာရေးနဲ့ ဖီနာဘာချီတို့ရဲ့ တူရကီစူပါဖလားပွဲစဉ်ကတော့ အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တွေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။ အဆိုပါပွဲမှာ ဂါလာတာစာရေးက တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိကာ ချန်ပီယံအဖြစ် ဆွတ်ခူးအောင်ပွဲခံနိုင်ခဲ့တာပါ။
ဒါပေမယ့် အဆိုပါပွဲကို တကယ်တမ်း ကစားခဲ့ရချိန်က တစ်မိနစ်တည်းသာရှိခဲ့ပြီး ဖီနာဘာချီကလည်း ယူ - ၁၉ ကစားသမားတွေကိုသာ ပွဲထုတ်ခဲ့တာပါ။ ဒါ့အပြင် အသင်းရဲ့ နည်းပြချုပ်က အဆိုပါပွဲကို ကိုင်တွယ်ခဲ့ခြင်းမရှိဘဲ လက်ထောက်နည်းပြကသာ ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ပွဲစပြီး (၁) မိနစ်အတွင်းမှာပဲ ဂါလာတာစာရေးတိုက်စစ်မှူး အီကာဒီက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ဂါလာတာစာရေးတို့ ဂိုးရပြီးချိန်မှာပဲ ဖီနာဘာချီကစားသမားတွေက ကွင်းအတွင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဂါလာတာစာရေးကသာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာပါ။
ဒီလိုမျိုးဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ အစောပိုင်းမှာ ဒီပွဲစဉ်ကို ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မြို့မှာ ကစားဖို့ စီစဉ်ခဲ့ပြီးမှ အဆင်မပြေဖြစ်ခဲ့တာကြောင့် ပွဲချိန်အပြောင်းအလဲ ပြုလုပ်ခဲ့ရာကနေ အစပြုခဲ့တာပါ။ ဆော်ဒီနိုင်ငံမှာ တူရကီပရိသတ်တွေအနေနဲ့ စာတန်းတွေ ကိုင်ဆောင် အားပေးခွင့်မရှိတာ၊ ကစားသမားတွေအတွက် တီရှပ်ဝတ်ဆင်တာကအစ ကြပ်မတ်မှုတွေရှိတာကြောင့် အဆိုပါနိုင်ငံမှာ မကစားဖြစ်ခဲ့တာပါ။
ဒါ့အပြင် ဒီပွဲကို မနေ့က ကစားဖို့ စီစဉ်ခဲ့ပြီး ဖီနာဘာချီက တစ်ဖက်မှာ ယူရိုပါကွန်ဖရင့်လိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ကြာသပတေးနေ့မှာ အိုလံပီယာကော့စ်နဲ့ ကစားဖို့ရှိနေပါတယ်။ ဒီလိုမျိုး အကြောင်းတွေ စုံသွားတဲ့နောက် ဖီနာဘာချီတို့ အခုလိုမျိုး ဆန္ဒပြခဲ့တာဖြစ်ပြီး နောက်နှစ်ရာသီဆက်တိုက်မှာလည်း တူရကီစူပါဖလားပွဲကို ပါဝင်ကစားသွားမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။