ဆီဗီလာနဲ့ပွဲကြိုမှာ ပြောကြားသွားခဲ့တာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆီဗီလာနဲ့ ကစားမယ့် ဥရောပစူပါဖလား ဗိုလ်လုပွဲမတိုင်ခင် မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို ထိုးနှက်ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာတို့ ဥရောပစူပါဖလားဗိုလ်လုပွဲအဖြစ် ကစားကြမှာပါ။



ဒီပွဲမှာ မန်စီးတီးကပဲ အနိုင်ယူဗိုလ်စွဲသွားမယ်လို့ ပရိသတ်တွေက တထစ်ချ ယုံကြည်သတ်မှတ်ထားကြပါတယ်။ မန်စီးတီးဟာ ဆီဗီလာထက် လူအင်အား၊ ကစားပုံ အစစအရာရာမှာ သာလွန်မှုရှိနေပြီး ဆီဗီလာက မန်စီးတီးထက် တော်တော်လေးကို အင်အားနည်းနေတဲ့ အသင်းတစ်သင်းပါ။

ဒါ့အပြင် ဆီဗီလာက လက်ရှိနွေရာသီမှာ ဘဏ္ဍာရေး ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းမှာရှိတဲ့ ကစားသမားတွေကို လာကမ်းလှမ်းမယ်ဆိုရင် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်ဖို့ ပြင်ဆင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာကတော့ ယူနိုက်တက်ကို ထိုးနှက်ရင်း စူပါဖလားဗိုလ်လုပွဲနဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့တာပါ။  

ဂွါဒီယိုလာက “ကျွန်တော့်ရဲ့ စကားက မောက်မာမှုရှိသွားခဲ့ရင် တောင်းပန်ပါတယ်။ ဒါပေမယ့် မန်စီးတီးက ဥရောပစူပါဖလားဗိုလ်လုပွဲမှာ ဗိုလ်စွဲမယ်လို့ ကျွန်တော် ခံစားမိနေပါတယ်။ ဒီအတွက် ကျွန်တော်တို့မှာလည်း အရည်အသွေးရှိပါတယ်။ ဒါပေမယ့် ဒီလိုအနေအထားမျိုးမှာ ပိုရေပန်းစားတယ်ဆိုတာ မရှိပါဘူး”

“ဆီဗီလာနဲ့ ယူနိုက်တက်တို့ရဲ့ ဒုတိယအကျော့ကို ကျွန်တော် ကြည့်လိုက်ရပါတယ်။ ယူနိုက်တက်က အားနည်းခဲ့ပြီး ဆီဗီလာက သန်မာတဲ့ပုံစံမျိုးကို ပြသခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်မှာ ယူနိုက်တက်နဲ့ ဆီဗီလာတို့ ထိပ်တိုက်တွေ့ခဲ့ပြီး ဆီဗီလာက ယူနိုက်တက်ကို ဖြုတ်ချကာ နောက်ဆုံးမှာတော့ ယူရိုပါလိဂ်ဖလားကိုပါ ဆွတ်ခူးနိုင်ခဲ့တာပါ။ 

Share

Loading Next Article...
က္က