ဖရေဆာကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့ပေမယ့် အဝါကတ်ပဲ အပြခံခဲ့ရတာပါ။

နယူးကာဆယ်နဲ့ပွဲမှာ ရိုင်ယန်ဖရေဆာကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့ပေမယ့် အနီကတ်အပြမခံခဲ့ရတဲ့ ရော်နယ်ဒိုရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကတော့ ဒီတပတ်ရဲ့ အငြင်းပွားဖွယ်ရာကိစ္စဖြစ်လာခဲ့ပြန်ပါပြီ။ ရော်နယ်ဒိုဟာ ဖရေဆာကို ကြမ်းကြမ်းတမ်းတမ်းဝင်ရောက်ကာ ဖျက်ထုတ်ခဲ့တာဖြစ်ပေမယ့် ကွင်းလယ်ဒိုင်ခရိတ်ပေါ်ဆင်ကတော့ အဝါကတ်ပြားသာ ပြသခဲ့တာဖြစ်ပါတယ်။ 

ရုပ်သံမြင်ကွင်းအရ ရော်နယ်ဒိုရဲ့ ဝင်ရောက်ခဲ့ပုံက တော်တော်လေးကြမ်းတမ်းတယ်လို့ ဆိုရမှာဖြစ်ပြီး လီဗာပူးလ်နဲ့ စပါးပွဲမှာ အီမာဆင်ရွိုင်ရယ်ကို ဖျက်ထုတ်လို့ အနီကတ်ထိခဲ့တဲ့ လီဗာပူးလ်နောက်ခံလူရောဘတ်ဆန်ရဲ့ လုပ်ရပ်နဲ့အတူတူပဲလို့ ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ အဆိုပါပွဲမှာ အစောပိုင်းက ရောဘတ်ဆန်ကို အဝါသာပြခဲ့ပေမယ့် VAR ပြန်ကြည့်ခဲ့ပြီးနောက်မှာ အနီကတ်ပြသခဲ့တာဖြစ်ပါတယ်။ 

ဆိုရှယ်မီဒီယာပေါ်မှာတော့ ရော်နယ်ဒိုကို အနီကတ်ဘာလို့မပြတာလဲဆိုတဲ့ မေးခွန်းတွေက ပလူပျံနေခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေရဲ့ တသမတ်တည်းမရှိတဲ့ ဆုံးဖြတ်ချက်အပေါ်လည်း ပြစ်တင်နေကြပြီး ရော်နယ်ဒိုက စူပါစတားတဦးမို့လို့ အနီကတ်မပြတာလားလို့ မေးခွန်းထုတ်ခဲ့ကြပြီး မျက်နှာသာပေးမှု၊ ဘက်လိုက်မှုတွေရှိနေခဲ့တယ်လို့ စွပ်စွဲနေကြပါတယ်။ 



ဟယ်ရီကိန်းက ရောဘတ်ဆန်ကို ဖျက်ထုတ်ခဲ့ပေမယ့် အနီကတ်မပြခဲ့တာဟာ အင်္ဂလန်သားဖြစ်နေတာကြောင့်လို့ ယိုးစွပ်မှုတွေရှိနေခဲ့သလို ရော်နယ်ဒိုကလည်း နာမည်ကြီးတယောက်မို့ အခွင့်အရေးရခဲ့တာလို့ ပြောဆိုနေတာလည်းဖြစ်ပါတယ်။ ပရိသတ်တဦးက "နာမည်ကြီးတွေက ပရီးမီးယားလိဂ်မှာ အခွင့်အရေးရနေတယ်၊ ကာတစ်ဂျုံးစ်ကို ဖျက်ထုတ်တုန်းကလည်း ရော်နယ်ဒို အထုတ်ခံခဲ့ရသင့်တာပါ၊ အခုလည်း ဖရေဆာကို သူ လုပ်ပြန်ပြီ"

"ဒါလည်း အနီကတ်ပြသင့်နေတာပါ" လို့ ရေးသားခဲ့ပါတယ်။ နောက်တဦးကလည်း "ဖရေဆာကို ရော်နယ်ဒိုလုပ်တာက စပါးနဲ့ပွဲမှာ ရောဘတ်ဆန်လုပ်ခဲ့တာနဲ့ ဘာမှမကွာဘူး၊ VAR က တကြိမ်အနီကတ်ပြခဲ့တယ်၊ ဒါပေမယ့် နောက်တယောက်ကျတော့ အဝါ၊ ဒါက ပရီးမီးယားလိဂ်ဒိုင်တွေရဲ့ စွမ်းဆောင်ရည်က တသမတည်းမရှိတာကို ပြနေတာပဲ" လို့ ရေးသားခဲ့ကြောင်း Sportbible က ဖော်ပြခဲ့ပါတယ်။ 


Share

က္က