ဝေဖန်မှုဒဏ်တွေကိုလည်း ခံနိုင်ရည် မရှိခဲ့ပါဘူး။

မယ်လိုဒီကတော့ ပရိသတ်တွေရဲ့ ဝေဖန်မှုဒဏ်တွေကို မခံနိုင်လို့ အနုပညာအလုပ်တွေ ရပ်နားခဲ့တယ်လို့ ဆိုပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း စူပါတန်းဝင် မင်းသမီးတစ်ယောက်မဟုတ်တော့ နားလည်ပေးရတာတွေရှိတယ်လို့ ပြောပါတယ်။

Photo: Melody



သရုပ်ဆောင် မယ်လိုဒီကတော့ အနုပညာအလုပ်တွေ ရပ်နားလိုက်တဲ့အကြောင်းအရင်းကို ပြောပြလာပါတယ်။ ဝေဖန်မှုဒဏ်ကို ခံနိုင်ရည် မရှိခဲ့ဘူးလို့လည်း မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

“ အမှန်အတိုင်းပြောရရင်တော့ စိတ်ဖိစီးမှုများတယ်၊ ထွက်ပဲထွက်ပြေးချင်တာ ဘာမှလည်း မလုပ်ချင်လောက်အောင်ကို ဖြစ်သွားတာပေါ့။ အဓိက ကတော့ ကိုယ့်ကို ချစ်တဲ့သူတွေရဲ့ စကားကို အာရုံမစိုက်မိပဲနဲ့ ကိုယ့်ကို မုန်းတဲ့သူတွေရဲ့ ဆဲဆိုတာတွေကို Focus သွားထားလိုက်တာပေါ့နော်။ အဓိက ကတော့ ဝေဖန်ဒဏ်ကို မခံနိုင်တာပေါ့နော်။ အနုပညာသမားတစ်ယောက်ဆိုတာ တကယ်တမ်းတော့ ဝေဖန်မှုဒဏ်ကို ခံနိုင်ရမှာပဲလေ” လို့ ဆိုပါတယ်။

Photo: Melody

သူမဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရေးတွေလည်း နည်းတယ်လို့ ဆိုပါတယ်။ ရိုက်ပြီးသား ရုပ်ရှင်ကားကြီးတွေတောင် ရုံတင်ရက် နောက်ကျနေတာမျိုးတွေ ကြုံနေတယ်လို့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်ပိုင်းက “အဆိပ်” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

“ တစ်နှစ်နေမှ တစ်ကား၊ နောက်တစ်နှစ်နေမှ တစ်ကားရိုက်ဖြစ်တယ်။ အဲဒီ ၂ ကားလောက်ကလည်း ထွက်တာ နောက်ကျတယ်။ ဒါကို ဘယ်လိုခံယူထားသလဲဆိုတော့ ကိုယ်က စူပါတန်းဝင် မင်းသမီး မဟုတ်တဲ့အခါကျတော့ ရုံတင်ရက်ကလည်း ပရိသတ်အကြိုက်ဆိုတော့ ကိုယ့်ဇာတ်ကားက နောက်ဆုတ်တာမျိုးတွေရှိမှာပေါ့။ အဓိက ကတော့ ဘယ်သူ့ကိုမှ ဘာမှ မပြောပါဘူး။ ကိုယ်က စူပါမဟုတ်တာ ကိုယ်နဲ့ပဲ ဆိုင်တယ်လေ” လို့ သူကပြောပါတယ်။

Photo: Melody

မယ်လိုဒီဟာ အခုလက်ရှိမှာလည်း ဝေဖန်မှုတချို့ကို မနှစ်သက်ဘူးလို့ဆိုပါတယ်။ အနုပညာရှင်တစ် ယောက်ဖြစ်တာကြောင့် အတတ်နိုင်ဆုံး သည်းခံလိုက်တယ်လို့ သူကပြောပါတယ်။

“ အခုကတော့ ဥပမာပြောရရင် ကိုယ့်ကို နည်းနည်းလေး ဝလာပြီနော် လို့ပြောရင် လက်ခံတယ်။ ဟယ် ဝလိုက်တာ လို့ပြောရင် လက်မခံဘူး။ ကိုယ်လည်း ပုံဆိုးပန်းဆိုးဖြစ်အောင် ဝနေတာလည်း မဟုတ်ဘူး။ အဲဒီအပေါ်မှာ ဘယ်လို ခွဲခြမ်းလိုက်လဲဆိုတော့ ကိုယ့်ကိုချစ်တဲ့သူကတော့ ပိန်ပိန်ဝဝ ကိုယ့်ကို ချစ်နေမှာပဲ။ မုန်းတဲ့သူတွေကတော့ တစ်ပေါင်လောက်တက်လာလည်း ၁၀ ပေါင်လောက် တွေးပြီးပြောနေမှာပဲ။ အဲဒီအပေါ်မှာ ဘာမှ ခံစားမနေတော့ဘူး” လို့ သူကဆိုပါတယ်။

Photo: Melody

မယ်လိုဒီဟာ မိသားစုကို အချိန်ပေးနေရတာ ဖြစ်တဲ့အတွက် အနုပညာအလုပ်တွေကို သိပ်လုပ်ဖြစ်တာ မတွေ့ရတော့ပါဘူး။ ဇာတ်ကားရိုက်ကူးရေးတွေ နားထားပေမယ့် ပွဲလမ်းသဘင်တွေကိုတော့ အဆက်မပြတ် တက်ရောက်နေရသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ကို ချစ်တဲ့ ပရိသတ်တွေရဲ့ အချစ်ကတော့ လျှော့သွားတာမျိုး မရှိပါဘူး ။ သူမဟာ ခင်ပွန်းဖြစ်သူ ကိုသာကောင်းနဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းမှာပဲ သားလေး သိဒ္ဓိစစ်ကို မွေးဖွားခဲ့တာပါ။ အခုဆိုရင်တော့ သူတို့ရဲ့ တစ်ဦးတည်းသောသားလေး သဒ္ဓိစစ်က အခုဆိုရင် ၄ နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားလေးကိုတော့ ငယ်ငယ်လေးကတည်းက ပရိသတ်တွေက အချစ်ပိုခဲ့ကြတာပါ။ သိဒ္ဓိစစ်ဟာ ငယ်ငယ်လေးကတည်းက ကလေးအသုံးအဆောင်ပစ္စည်းတွေရဲ့ ကြော်ငြာ မင်းသားပေါက်စလေး ဖြစ်ခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က