ကာစီနိုရုံတွေရှိတဲ့နေရာမှာ ရေကြီးမှုတွေဖြစ်ပေါ်နိုင်ကြောင်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

လောင်းကစားလုပ်ငန်းများဖြင့် ကမ္ဘာကျော်တဲ့ မကာအိုမှာ စူပါတိုင်ဖွန်းမန်ဂွတ် ယနေ့ (စက်တင်ဘာ ၁၆ ရက်) ချဉ်းကပ်လာမှုကြောင့် ကာစီနိုရုံများအားလုံးကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပိတ်ပင်ခဲ့ကြောင်း သိရပါတယ်။

Photo: Isaac Lawrence/AFP



လောင်ကစားရုံတွေရှိတဲ့ နေရာဒေသမှာ ရေကြီးမှုတွေဖြစ်ပေါ်နိုင်ကြောင်း မကာအိုအာဏာပိုင်တွေက သတိပေးထားပါတယ်။ ယမန်နှစ်က တိုင်ဖွန်းဟတ်တို ဦးတည်လာစဉ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန်ပျက်ကွက်မှုတွေကြောင့် မကာအိုအစိုးရကို ဒေသခံတွေက ပြင်းထန်စွာ ဝေဖန်ခဲ့ကြဖူးပါတယ်။ တိုင်ဖွန်းဟတ်တို မကာအိုကို ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ပျက်စီးဆုံးရှုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

ယခုတစ်ကြိမ်မှာတော့ မကာအိုခေါင်းဆောင်းနဲ့ လောင်းကစားလုပ်ငန်းပိုင်ရှင်တွေရဲ့ သဘောတူညီမှုအရ ကာစီနိုရုံ ၄၂ ခုကို စနေနေ့ (စက်တင်ဘာ ၁၅ ရက်) နှောင်းပိုင်းမှာ ဆုံးဖြတ်ခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photo: Isaac Lawrence/AFP/Getty Images

"ကာစီနိုရုံဝန်ထမ်းတွေ၊ လာရောက်ကြသူတွေနဲ့ ဒေသခံတွေ ဘေးကင်းစေဖို့အတွက် လောင်းကစားလုပ်ငန်းတွေကို ရပ်ဆိုင်းထားခြင်း ဖြစ်ပါတယ်" လို့ မကာအိုအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မကာအိုမှာ မုန်တိုင်းအန္တရာယ် သတိပေးမှုကို ဒုတိယအမြင့်ဆုံးအဖြစ် သတ်မှတ်ထုတ်ပြန်ထားပြီး ကာစီနိုရုံတွေကို နောက်ထပ် ညွန်ကြားချက် မထုတ်ပြန်မီအထိ ပိတ်ထားမယ်လို့ သိရပါတယ်။


မုန်တိုင်းအန္တရာယ်သတိပေးချက်ကို ယနေ့ (စက်တင်ဘာ ၁၆ ရက်) နှောင်းပိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ T10 အဆင့်သို့ မြှင့်တင်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ တိုင်ဖွန်းမန်ဂွတ်အရှိန်ကြောင့် မကာအိုမှာ ယနေ့ ဒေသစံတော်ချိန် နေ့လယ်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

မကာအိုတစ်ဝှမ်းရှိ ဈေးဆိုင်နဲ့ စီးပွားရေးလုပ်ငန်းတွေကို သဲအိတ်များဖြင့် ကာရံထားပြီး ပုံမှန်အားဖြင့် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေတဲ့ လမ်းမတွေဟာ ခြောက်ကပ်နေကြောင်း သိရပါတယ်။

စူပါတိုင်ဖွန်းမုန်တိုင်း မန်ဂွတ် (Mangkhut) ဟာ ဖိလစ်ပိုင်းမြောက်ပိုင်းကို ကနဦး ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယနေ့ ညနေပိုင်းအထိ သတင်းတွေအရ သိရှိရပါတယ်။

စူပါတိုင်ဖွန်းမန်ဂွတ် တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်မှာ အပျက်အစီးများ ဖြစ်ပေါ်မှု (Photo: Reutes)

ပြင်းအားအဆင့် ၅ (Category 5) အဆင့်ရှိ အလွန်အားကောင်းတဲ့ တိုင်ဖွန်းမန်ဂွတ်ဟာ ဖီလစ်ပိုင် ကာဂါယန်းပြည်နယ်ကို စက်တင်ဘာ ၁၅ ရက် မနက်အစောပိုင်းမှာ စတင်ဝင်ရောက်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ လူဇွန်ကျွန်းတစ်လျှောက်လုံးမှာ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ဒါ့အပြင် လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ဆက်သွယ်ရေးဖုန်းလိုင်းများလည်း ပြတ်တောက်ခဲ့ပါတယ်။ မုန်တိုင်းဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်မှာ ဖိလစ်ပိုင်ပြည်သူ ၁၀ သန်း နေထိုင်လျက်ရှိကြပြီး မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုနဲ့ ရွှေ့ပြောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က