ဆွေဇင်ထက်ကတော့ Miss Universe 2019 ပြိုင်ပွဲကြီးမှာ LGBT တစ်ယောက်အဖြစ် ဖွင့်ပြောပြခဲ့တာကြောင့် အားပေးတဲ့ ပရိသတ်အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျွဲပုံစံကနေ လယ်သူမအသွင်ကူးပြောင်းခဲ့တဲ့ National Costume ဝတ်စုံကလည်း လူအများရဲ့ စိတ်ဝင်စားခြင်း ခံခဲ့ရပါတယ်တဲ့။
အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့တွင်(၆၉)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်တဲ့ Miss Universe 2019 အလှမယ် ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ဆွေဇင်ထက်ကတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပြီဖြစ်ပါတယ်။ သူမအနေနဲ့ ဒီပြိုင်ပွဲမှာ ရခဲ့တဲ့ အတွေ့အကြုံတွေကို Duwun media ကနေ ပြောပြခဲ့ပါတယ်။
“ National Costume မှာလည်း အရမ်းကြိုးစားခဲ့ပါတယ်။ လုပ်ရတဲ့ အဆင့်တွေကလည်း အရမ်းများတယ်။ အချိန်ကလည်း နည်းနည်းလေးဆိုတော့ အားလုံးက အားပေးကြတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက စပါးထွက်တယ်ဆိုတာကို ပြချင်တယ်၊ ကျွဲကနေပြီးတော့ လယ်သူမ ပုံစံပြောင်းပြီးတော့ စပါးထွက်တယ်ဆိုတာ တစ်ကမ္ဘာလုံးက သိသွားတာပေါ့နော်။ တချို့ဆို Google ကနေ စပါးဆိုတာကို ထောက်ရှာကြတယ်။ မြန်မာက ဒီလိုလားပေါ့။ သူတို့ သိသွားတဲ့အတွက် အရမ်းလည်းပျော်ခဲ့ရတယ်” လို့ ဆိုပါတယ်။
ဆွေဇင်ထက်ရဲ့ National Costume ကတော့ ကျွဲတစ်ကောင်ရဲ့ ပုံစံဝတ်ဆင်ထားတဲ့ ဝတ်ရုံကနေ ကောက်စိုက်သမလေး အသွင်ကို ကူးပြောင်းခဲ့တဲ့ ဖက်ရှင်ဖြစ်ပါတယ်။ ပရိသတ်အများစုရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ National Costume တစ်ခုဖြစ်သလို Top-3 အထိ ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဝတ်စုံနဲ့ ပတ်သက်ပြီး ဆု ရစေချင်တဲ့ ပရိသတ်တွေလည်းရှိသလို ဆွေဇင်ထက်ကိုယ်တိုင်ကလည်း မျှော်လင့်ချက်တွေ ထားခဲ့တယ်လို့ ဆိုပါတယ်။
“National Costume နဲ့ ပတ်သက်ပြီးတော့ မျှော်လင့်ချက်ထားတာပေါ့လေ။ ဒါပေမယ့် Voting နဲ့ဆိုတော့ အရမ်းကြီး မမှန်းရဲဘူး။ ကိုယ်ကတော့ အကောင်းဆုံးလုပ်ခဲ့ပါတယ်။ Beauty Pagent အတွက်ပြောချင်တာက တော့ အဓိက ကတော့ Supporting ပေးဖို့ အများကြီးလိုတယ်ပေါ့နော်။ သွားပြိုင်တဲ့အလှမယ်ကို အားမပေးရင်နေပါစေ။ မဝုန်းပါနဲ့ပေါ့နော်။ ဟိုမှာ သွားပြိုင်ရတာ အရမ်းလည်း ပင်ပန်းပါတယ်။ ပြောတဲ့လူတွေက အနည်းစုပါ ညီမလည်း ဘာမှတော့ မဖြစ်ပါဘူး။ နောက်ထပ်သွားပြိုင်မယ့် အလှမယ်တွေကို မပြောဖို့အတွက် တောင်းဆိုချင်ပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လာတဲ့အချိန်မှာ ဖြေဆိုခဲ့တာပါ။
ဆွေဇင်ထက်ဟာ Miss Universe 2019 ပြိုင်ပွဲကြီးမှာ ကိုယ့်ကိုယ်ကိုယ် LGBT တစ်ယောက်ဖြစ်တယ်ဆိုတာကို ပထမဆုံး ထုတ်ဖော်ပြောပြလိုက်တဲ့ အလှမယ်တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကိုလည်း တစ်ခဲနက်ရရှိခဲ့တယ်လို့လည်း ဆွေဇင်ထက်က ပြောပါတယ်။
“ အဲဒီမှာက လုပ်ရမယ့်အရာတွေ အများကြီးရှိတယ်။ LGBT အနည်းစုကိုလည်း လူ့အခွင့်အရေးရစေချင်တယ်။ ကိုယ်ကိုယ်တိုင်ကလည်း LGBT တစ်ယောက်ဖြစ်နေတဲ့အတွက် သေချာစဉ်းစားပြီးမှ ချပြလိုက်တာပါ။ ပြိုင်ပွဲမှာလည်း နိုင်ငံတကာက အားပေးကြတယ်။ ကိုယ်က LGBT တစ်ယောက်ဖြစ်တဲ့အတွက် အများကြီး ပံ့ပိုးပေးကြတယ်၊ ကူညီကြပါတယ်” လို့ သူကဆိုပါတယ်။
အလှမယ်ဆွေဇင်ကတော့ အခုဆိုရင် အမေရိကန်နိုင်ငံ၊ဂျော်ဂျီယာပြည်နယ်၊ အတ္တလန္တာမြို့မှာ(၆၉)ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်တဲ့ Miss Universe 2019 အလှမယ် ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့က မြန်မာနိုင်ငံကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာတော့ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။