ဘာစီလိုနာကစားသမားဟောင်း မက်ဆီဟာ လက်ရှိ ဘာစီလိုနာနည်းပြ ဇာဗီရဲ့ မွေးနေ့ပွဲအတွက် ဘာစီလိုနာကို အမှတ်မထင်ဘဲ ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ သိရှိရပါတယ်။ မက်ဆီဟာ အာဂျင်တီးနားလူစာရင်းကနေ အနားရထားတဲ့နောက် ဒီတပတ်က သူ့အတွက် အားလပ်ရက်အဖြစ် ဖြတ်သန်းခွင့်ရရှိနေပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ မက်ဆီက ဘာစီလိုနာကို စွန့်ခွာလာခဲ့ပြီး PSG ကို ပြောင်းရွှေ့ကစားခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီတယောက် ဘာစီလိုနာအသင်းကိုရော၊ ဘာစီလိုနာမြို့ကိုပါ သံယောစဥ် မကုန်သေးပါဘူး။ မက်ဆီဟာ အားလပ်ရက်ရတိုင်း ဘာစီလိုနာမြို့က သူ့ရဲ့နေအိမ်ကိုသာ ပြန်ပြီး အနားယူလေ့ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မနေ့ညက သူ့ရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းလည်းဖြစ်၊ လက်ရှိ ဘာစီလိုနာရဲ့ နည်းပြလည်းဖြစ်တဲ့ ဇာဗီရဲ့ (၄၂) နှစ်ပြည့်မွေးနေ့ကို တက်ရောက်ဖို့ ဘာစီလိုနာကို ပြန်လာခဲ့တာဖြစ်ပါတယ်။ မက်ဆီနဲ့အတူ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ကွင်းလယ်လူ ဘတ်စ်ကွက်စ်၊ ဘယ်နောက်ခံလူ ဂျော်ဒီအယ်လ်ဘာတို့လည်း ဇာဗီရဲ့မွေးနေ့ပွဲကို အတူတကွ ဆင်နွှဲခဲ့ပါတယ်။
မက်ဆီတို့အဖွဲ့ဟာ ဘာစီလိုနာမြို့တွင်းက ဂျပန်စားသောက်ဆိုင်ကို သွားရောက်ခဲ့ကြပြီး မက်ဆီ ဘာစီလိုနာကို ပြန်ရောက်နေတယ်ဆိုတဲ့ သတင်းက တမဟုတ်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဘာစီလိုနာပရိသတ်တွေဟာ စားသောက်ဆိုင် အပြင်ဘက်ကနေ မက်ဆီကို နှုတ်ဆက်ဖို့ စောင့်ဆိုင်းနေခဲ့ကြတယ်လို့လည်း သိရပါတယ်။
အသက် (၃၄) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ စားသောက်ဆိုင်ထဲက အထွက်မှာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးပဲ နှုတ်ဆက်ခဲ့ပြီး အသင်းဟောင်း ဘာစီလိုနာဂျာစီပေါ်မှာလည်း အမှတ်တရ လက်မှတ်တွေ ရေးထိုးပေးခဲ့ပါတယ်။ ဘာစီလိုနာပရိသတ်တွေဟာ အခုချိန်ထိ မက်ဆီကို သံယောစဥ်ရှိနေဆဲဖြစ်ပြီး မက်ဆီရဲ့ ကစားသမားဘဝ အဆုံးမသတ်ခင် ဘာစီလိုနာကို ပြန်လည်ရောက်ရှိလာမယ်လို့လည်း ယုံကြည်ထားကြဆဲဖြစ်ပါတယ်။