လူငယ်စွန့်ဦီးတီထွင်သူတွေ မြေတောင်မြှောက်ပေးတဲ့ အစီအစဉ်တစ်ခုပါ

တတိယအကြိမ်မြောက် ရောက်လာပြီ ဖြစ်တဲ့ Myanmar Youth Technopreneurship Development Program 2020 ကတော့ တစ်နှစ်ထက် တစ်နှစ် ဆုကြေးပမာဏ မြှင့်လာသလို ပေးမယ့်ဆုအမျိုးအစားတွေလည်း ပိုစုံလာပြီ ဖြစ်ပါတယ်။

Myanmar Youth Technopreneurship Development Program (MYTDP) အစီအစဉ်တွေဟာ တစ်နိုင်ငံလုံးက နည်းပညာကျောင်းသားများ ၊ နယ်ပယ်အသီးအသီးက စွန့်ဦးတီထွင်လူငယ်များအတွက် လုပ်ငန်းတည်ထောင်နိုင်တဲ့ အဆင့်အထိ ရောက်အောင် ပံ့ပိုးပေးဖို့စီစဉ်ကျင်းပတဲ့ ပွဲတစ်ခုပါ။

ပထမဆုံးအကြိမ် ကျင်းပတဲ့ MYTDP 2018 ဟာ ဆုကြေးငွေ သိန်း ၅၀ နဲ့ ကုမ္ပဏီ မှတ်ပုံတင်ပေးခြင်း ၊ ၆ လအထိ အလုပ်လုပ်နိုင်မယ့် ရုံးခန်းနေရာစီစဉ်ပေးခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကျင်းပပြီးစီးသွားတဲ့ MYTDP 2019 မှာတော့ အကောင်းဆုံးဆုရ အသင်း ၃ သင်းကို ဆုကြေးငွေ ကျပ်သိန်း ၈၀ ၊ ၆ လတာ ရုံးခန်းနေရာနဲ့ကုမ္ပဏီမှတ်ပုံတင်ပေးခဲ့ပါတယ်။


MYTDP 2019 winner Blue Frog အသင်း (Photo: Duwun Tech)

Myanmar Youth Technopreneurship Development Program 2020 မှာ Accelerate Award ၊ Startup Award ၊ Idea Award နဲ့ Honorable Mention ဆိုပြီး ဆု ၄ ခု ပေးအပ်သွားမယ်လို့ ကြေညာထားပါတယ်။ Accelerate award နဲ့ Startup Award ရရှိတဲ့ အသင်းတွေကို ဆုကြေးငွေနဲ့အတူ MICT Park ထဲမှာ ရှိတဲ့ Kanaung Hub ရဲ့ co-working space မှာ ၆ လတာ အလုပ်လုပ်ဖို့ နေရာနဲ့ ကုမ္ပဏီ မှတ်ပုံတင်ပေးသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ မီဒီယာတွေမှာ ပါဝင်ခွင့်ရမယ်လို့ ဆိုပါတယ်။

Accelerate Award ဟာ ကျပ်သိန်း ၁၀၀ အထိ ဆုကြေးငွေ အမြင့်ဆုံး ပေးထားပြီး Startup Award အတွက် ငွေသားဆုကြေး ကျပ်သိန်း ၈၀ ပေးသွားမှာပါ။ Idea Award နဲ့ Honorable Mention ဆုတွေကိုတော့ ကျပ်သိန်း ၃၀ ဆု နှစ်ဆု နဲ့ ကျပ် ၈ သိန်းဆု ခြောက်ဆုပေးသွားမယ်လို့ ဆိုပါတယ်။

MYTDP စွန့်ဦးတီထွင်အစီအစဉ်ဟာ အသက် ၁၈ နှစ်နဲ့အထက် လူငယ်တိုင်း ပါဝင်နိုင်တဲ့ နည်းပညာစွန့်ဦးတီထွင်ပြိုင်ပွဲတစ်ခု ဖြစ်ပြီး ပြိုင်ပွဲဝင်အဖွဲ့ တစ်ဖွဲ့မှာ ၂ ဦးကနေ ၅ ဦးအထိ ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။ နိုင်ငံအဆင့် ပြိုင်ပွဲတွေမှာ အမြင့်ဆုံး ဆုတစ်ခုခု ဖြစ်စေ ၊ ထောက်ပံ့ကြေး ဖြစ်စေ ရထားတဲ့ လုပ်ငန်းတွေ နဲ့ ပြီးခဲ့တဲ့ MYTDP ပြိုင်ပွဲတွေမှာ ဆုကြီးတွေ ရထားတဲ့ အဖွဲ့တွေကို ပါဝင်ယှဉ်ပြိုင်ခွင့် ကန့်သတ်ထားပါတယ်။

Photo: Myanmar Youth Technopreneurship Development Program Facebook


MYTDP 2020 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ ဒီဇင်ဘာ ၆ ရက်နေ့ကနေ ဇန်နဝါရီ ၂၄ ရက်နေ့အတွင်း လျှောက်ထားနိုင်မှာပါ။ ပြိုင်ပွဲဝင် စိစစ်ရွေးချယ်မှုကိုတော့ ပဏာမရွေးချယ်ခြင်းနဲ့ နောက်ဆုံးအဆင့် ရွေးချယ်ခြင်း နှစ်မျိုးနဲ့ ရွေးချယ်သွားမှာ ဖြစ်ပြီး အထက်မြန်မာပြည် (မန္တလေး) နဲ့ အောက်မြန်မာပြည် (ရန်ကုန်) နှစ်နေရာက လူငယ်အသင်းတွေ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

MYTDP 2020 မှာ ပါဝင်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေ အနေနဲ့ https://www.mmtechnopreneurship.com ကနေ ဝင်ရောက်လျှောက်ထားနိုင်မှာပါ။. Myanmar Youth Technopreneurship Development Program ကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် MCF နဲ့မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT တို့ပူးပေါင်းစီစဉ်ကျင်းပနေတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က