ဘာစီလိုနာအသင်းဟာ အသုံးစရိတ်လျှော့ချဖို့ ကြိုးပမ်းမှုတရပ်အဖြစ် လူငယ်အသင်းတွေကို မနက်စာမကျွေးမွေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။ စပိန်မီဒီယာ Relevo ရဲ့ ဖော်ပြချက်အရ ကစားသမားတွေကို မနက်စာကျွေးတာဟာ မျှတမှုမရှိတဲ့ ကုန်ကျစရိတ်ဖြစ်တယ်လို့ အသင်းဘက်က ဆုံးဖြတ်ခဲ့ကြောင်း ဆိုပါတယ်။
ဘာစီလိုနာဟာ ဘဏ္ဍာရေးပြသနာတွေကို ကြီးကြီးမားမားရင်ဆိုင်နေရတာ နှစ်အတန်ကြာနေပြီဖြစ်ပြီး အသင်းတွင်းမှာ ဟန်ချက်ညီအောင် မနည်းကြိုးပမ်းခဲ့ရပါတယ်။ အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို စာချုပ်သစ်မချုပ်နိုင်တော့လို့တောင် လက်လွှတ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရပြီး နည်းလမ်းမျိုးစုံသုံးကာ ဘဏ္ဍာရေးကို ထိန်းသိမ်းနေခဲ့ရပါတယ်။
ဒါကြောင့် အလေအလွင့်နည်းအောင် ကြိုးပမ်းမှုမှာ သင့်တော်တယ်လို့ ယူဆမရတဲ့ မလိုအပ်တဲ့အသုံးစရိတ်တွေကို ဖယ်ထုတ်ဖို့ ကြိုးစားနေရာမှာ လူငယ်ကစားသမားတွေကို မနက်စာကျွေးမယ့် အစီအစဉ်ပါကို ပယ်ဖျက်ဖို့ပါ ဖြစ်လာခဲ့တာပါ။ ဒီမတိုင်ခင်မှာလည်း လာမာစီယာအကယ်ဒမီကစားသမားတွေအတွက် တက္ကစီဝန်ဆောင်မှုကိုလည်း မပေးတော့ဖို့ ဆုံးဖြတ်ခဲ့ပါသေးတယ်။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အသင်းကွင်းအတွင်းမှာ မင်္ဂလာဧည့်ခံပွဲတွေ ကျင်းပဖို့ ငှားရမ်းနိုင်တယ်ဆိုတဲ့အထိ ငွေကြေးရှာဖွေမှုတွေကို ပြုလုပ်ခဲ့ရပါတယ်။ လက်ရှိမှာတော့ အတန်အသင့်ပြေလည်နေခဲ့ပြီလို့ ဆိုနိုင်ပေမယ့်လည်း ဟန်ချက်ညီဖို့အတွက်တော့ ဆက်လက်ကြိုးစားနေရဆဲဖြစ်ပါတယ်။