ပရိသတ်တယောက်က ဒီဗီဒီယိုကို ရိုက်ကူးခဲ့တာပါ။

ယူနိုက်တက်ပရိသတ်တယောက်ဟာ ယူနိုက်တက်ရဲ့ ဒီရာသီ အိမ်ကွင်းဂျာစီတထည်ကို ဝယ်ယူခဲ့ပေမယ့် ဒီဂျာစီမှာ မမျှော်လင့်ဘဲ အာဆင်နယ်ကြယ်သီးတပ်ထားလို့ ဒေါသပေါက်ကွဲခဲ့ကြောင်း သိရှိရပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါ ဗီဒီယိုထဲမှာ ယူနိုက်တက်ဂျာစီမှာ အာဆင်နယ်ဆိုတဲ့နာမည်နဲ့ အာဆင်နယ်အသင်းကို ပထမဆုံး စတင်တည်ထောင်တဲ့ခုနှစ် (၁၈၈၆) ဆိုတဲ့ စာလုံးတွေကို ရေးထွင်းထားတာပါ။



ဗီဒီယိုထဲမှာ ဒီဂျာစီကိုဝယ်ယူထားတဲ့ ယူနိုက်တက်ပရိသတ်က “ကျနော့်ရဲ့ စျေးကြီးတဲ့ ယူနိုက်တက်ဂျာစီကို ကြည့်လိုက်ပါဦး။ အားလုံးအဆင်ပြေရဲ့သားနဲ့။ Adidas တံဆိပ်လည်း မှန်တယ်။ ကော်လံကလည်း အဆင်ပြေပါတယ်။ ဒါနဲ့နေပါဦး။ ဘယ်လိုသောက်တလွဲမျိုးလဲ” လို့ ဆိုကာ အာဆင်နယ်နာမည်ပါဝင်လာတဲ့ ကြယ်သီးကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ဗီဒီယိုမှာလည်း ဂလေဇာကိုထွက်သွားဖို့ဆိုတဲ့ Hashtag လည်း ထည့်သွင်းရေးသားထားပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုခဲ့တဲ့ အွန်လိုင်းအသုံးပြုသူတွေကတော့ “ငါ့ဂျာစီကိုတောင် အမြန်သွားကြည့်လိုက်ရတယ်။ တော်သေးတာပေါ့။ ငါ့ဟာမှာ ဒီလိုမျိုးမဖြစ်လို့” “ခင်ဗျားအနေနဲ့သိရမှာက ဒါက Adidas ရဲ့ အမှားပဲ။ ဂလေဇာတွေရဲ့ အမှားမဟုတ်ဘူး” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမယ့် ပရိသတ်အများစုကတော့ ဒီဂျာစီက အစစ်မဟုတ်ဘဲ အတုသာဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။ ပရိသတ်တယောက်က “မင်း ဂျာစီအတုတွေ သွားဝယ်ရင် ဒါမျိုးပဲရမှာပဲ” လို့ ဝင်ရောက်မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ The Sun ရဲ့ စုံစမ်းမေးမြန်းမှုကို ယူနိုက်တက်ရဲ့ဂျာစီစပွန်ဆာ Adidas ဘက်က တစုံတရာ တုံ့ပြန်ခြင်းမရှိသေးပါဘူး။

တကယ်တမ်းမှာလည်း ဒါမျိုးအမှားကဖြစ်နိုင်ဖွယ်ရာမရှိဘဲ အဆိုပါပရိသတ်က လူတွေရဲ့ အာရုံစူးစိုက်မှုကိုရယူဖို့အတွက် သူကိုယ်တိုင်ပဲ တမင်လုပ်ကြံဖန်တီးခဲ့တာမျိုး ဒါမှမဟုတ် အချို့ ပရိသတ်တွေ ဝေဖန်နေသလိုမျိုး ဂျာစီအစစ်မဟုတ်ဘဲ အတုကိုများ ဝယ်ယူမိခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။ 

Share

Loading Next Article...
က္က