တစ်ကိုယ်တော်အခွေအသစ်ထဲမှာ ပါတယ်တဲ့။

 အဆိုတော် ကောင်းကောင်းက သီချင်း အခွေအသစ်ထဲမှာလည်း သူ့ရဲ့ ချစ်ဇနီးလေး အကြောင်းကို ထူးထူးခြားခြား ထည့်သွင်းရေးဖွဲ့ ထားတယ်လို့ဆိုပါတယ်။ တစ်ကိုယ်တော်အခွေ အသစ်ကိုလည်း မကြာခင်ထွက်ရှိတော့မယ်လို့ ပြောပါတယ်။

 

သီချင်းဆိုရင်လည်း အောင်မြင်မှုတွေရသလို၊ သီချင်းရေးတိုင်းလည်း အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် ကောင်းကောင်းက သီချင်း အခွေအသစ်ထဲမှာလည်း သူ့ရဲ့ ချစ်ဇနီးလေး အကြောင်းကို ထူးထူးခြားခြား ထည့်သွင်းရေးဖွဲ့ထားတယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

'' ကျွန်တော့်ရဲ့ ချစ်ဇနီးအကြောင်းတော့ ပါလာမယ်။ သားအကြောင်းတော့ မပါဘူး နောက်တစ်ခွေပေါ့။ သူက ကျွန်တော့်ရဲ့ ဆိုးသမျှတွေကို အနွံတာခဲ ဖြေရှင်းပေးတာတွေ ရှိတယ်။ အဲ့ဒါကလည်း သူ့ကို ကျေးဇူးတင်တဲ့ အကြောင်းတွေ ရေးထားတာပါ'' လို့ သဘောကျရယ်မောလျှက် ဖြေဆိုခဲ့တာပါ။

 

အဆိုတော်ကောင်းကောင်းဟာ သူ ဆိုတဲ့ သီချင်းတိုင်း၊ သူရေးပေးတဲ့ သီချင်းတိုင်းက ပရိသတ်အကြိုက်နဲ့ ထပ်တူ ကျပါတယ်။ ကိုယ်တိုင်ရေး သီချင်းတွေအပေါ် ထားတဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

'' ကိုယ်တိုင်ရေးသီချင်းတွေကို ကိုယ့်မွေးထုတ်ထားတဲ့ ကလေးတစ်ယောက်လိုပဲ သဘောထားပါတယ်။ ဒါပေပမယ့် အမြဲတမ်း ဒီ့ထက်ကောင်း အောင်ကြိုးစားတတ်တာကတော့ ကျွန်တော့် အကျင့်ပေါ့။ နောက်ထပ်ရေးတဲ့ သီချင်းတွေဆိုရင်လည်း ဒီ့ထက်ကောင်းအောင် ပိုကြိုးစား သွားမှာပါ'' လို့  ဆိုပါတယ်။

 

ကောင်းကောင်းက သူ့ရဲ့ တစ်ကိုယ်တော်တေးစီးရီး အသစ်ကို မကြာခင်ထွက်ရှိတော့မယ်လို့ သိရပါတယ်။ ဒီသီချင်းအခွေထဲမှာလည်း အရင်တုန်းက ပုံစံတွေနဲ့ မတူတဲ့ သီချင်းတွေကို ပရိသတ်တွေ နားထောင်ရမယ်လို့ သြဂုတ်လ ၂၂ ရက် နေ့ညက ဖိုးပြည့်ရဲ့ မင်းသားကြီး အခွေ မိတ်ဆက်ပွဲမှာ Duwun Media ကို သီးသန့်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' နောက်ပိုင်း ပုံဖော်တဲ့ သီချင်းလေးတွေကျတော့ တစ်မျိုးဖြစ်သွားတယ်။ အခုခေတ် လူငယ်ကြိုက်တဲ့ ပုံစံနဲ့ အရင်တုန်းက ကျွန်တော် ကြိုက် တဲ့ ပုံစံကို Remix ပြန်လုပ်ထားတယ်။ ကျွန်တော့်အခွေတော်တော်များများမှာ အဲ့ဒီလို ပုံစံလေးတွေ ပါလာတာ တွေ့ရလိမ့်မယ်။ မကြာခင် မှာလည်း ကျွန်တော့်အခွေ ထွက်တော့မှာပါ'' လို့ သူကဆိုပါတယ်။

ချစ်စရာကောင်းတဲ့သားလေးရဲ့ ထူးခြားချက်တွေပြောလာတဲ့ ကောင်းကောင်း 

Photo: ကောင်းကောင်းဖေ့စ်ဘွတ်

 

တေးရေးတေးဆို ကောင်းကောင်းက တခြားအလုပ်တွေနဲ့ ရှုပ်နေသလို  ပြည်ပကို ခဏ ထွက်သွားတာ ကြောင့်  ပရိသတ် များနဲ့ အနည်းငယ် ဝေးကွာသလို ဖြစ်ခဲ့တာလို့ သူကဆိုပါတယ်။ ယခုနောက်ပိုင်းမှာ သီချင်း တွေလည်း ပြန်လုပ်သွားမှာဖြစ်သလို ပွဲတွေလည်း စီစဉ်သွားဖို့ရှိပြီး ဂီတအလုပ်တွေကို ပိုလုပ်သွားတော့မယ်လို့ ဆိုပါတယ်။

 

Share

Loading Next Article...
က္က