လီဗာပူးတိုက်စစ်ကစားသမား ဆာလာက သူ့အနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပြန်ကန်ခွင့်ရဖို့အတွက် တဦးချင်းဆုတံဆိပ်တွေအားလုံးကို စွန့်လွှတ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေ (၂၈) မှာ ရီးရဲလ်မက်ဒရစ်နဲ့လီဗာပူးတို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ပဲရစ်မြို့မှာ ရင်ဆိုင်ခဲ့တာပါ။
ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှုအသာ၊ အခွင့်အရေးအသာနဲ့ ရီးရဲလ်မက်ဒရစ်ကို ဖိကစားနိုင်ခဲ့ပေမယ့် တကယ်တမ်းနိုင်သွားခဲ့တာက ရီးရဲလ်မက်ဒရစ်ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာာ ဗီနီရှပ်စ်ရဲ့တလုံးတည်းသောသွင်းဂိုးနဲ့ လီဗာပူးကို အနိုင်ယူကာ သူတို့အတွက် (၁၄) ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာပါ။
လီဗာပူးရဲ့ ထိုးဖောက်ဂိုးသွင်းခွင့်တွေကို ရီးရဲလ်မက်ဒရစ်ဂိုးသမား ကော်တွိုက်စ် လက်စွမ်းပြကာကွယ်ခဲ့ပြီး ဆာလာရဲ့ ဂိုးရနိုင်တဲ့ အပိုင်အခွင့်အရေး သုံးကြိမ်လောက်ကလည်း ကော်တွိုက်စ်လက်စွမ်းပြခဲ့တဲ့အထဲမှာ အပါအဝင်ဖြစ်ခဲ့ပါတယ်။ လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်ကို (၂၀၁၈) မှာ တကြိမ်ရှုံးခဲ့ဖူးပြီး အခုတခါမှာ ရှုံးကြွေးဆပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။
ဒါပေမယ့် ဒီတခါမှာလည်း လီဗာပူးတို့ ရှုံးကြွေးထပ်တင်ခဲ့ပြီး ဆာလာက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ ဆာလာက “တရာသီတည်းမှာတင် ပရိသတ်တွေ၊ အားကစားဂျာနယ်လစ်တွေရဲ့ အသိအမှတ်ပြုခံရတာက ကျနော့်အတွက် မေ့လို့မရတဲ့ စပါယ်ရှယ်ခံစားချက်ပါ”
“ဒါပေမယ့် ကျနော်ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲသာ ပြန်ကစားခွင့်ရမယ်ဆိုရင် ဒီတဦးချင်းဆုတံဆိပ်တွေကို စွန့်လွှတ်နိုင်ပါတယ်။ ဘောလုံးလောက,က ဒါမျိုးမဟုတ်ပေမယ့်ပေါ့လေ။ ချန်ပီယံလိဂ်ဖလားကို ကျနော်တို့ လီဗာပူးမြို့ဆီ ပြန်သယ်ဖို့ ဘယ်လောက်တောင်စောင့်ခဲ့ရတယ်ဆိုတာ စကားလုံးတွေနဲ့တောင် မဖော်ပြနိုင်ပါဘူး”
“နောက်ဆုံးမှာတော့ ကျနော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ အလွန်တရာကိုရှည်လျားတဲ့ ဘောလုံးရာသီတခုကို ဖြတ်သန်းခဲ့ရပြီး လာမယ့်ရာသီသစ်ကို မနက်ဖြန်မှာပဲ အစပြုဖို့ ကျနော် မျှော်လင့်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ရဲ့တနှစ်တာ အကောင်းဆုံး Playmaker ဆု၊ ရွှေဖိနပ်ဆု၊ FWA နဲ့ PFA ပရိသတ်တွေရွေးချယ်တဲ့ တနှစ်တာအကောင်းဆုံးဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။