မန်ချက်စတာယူနိက်တက်တိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီက ဝက်စ်ဟမ်းကို ယူရိုပါကွန်ဖရင့်လိဂ်ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြဒေးဗစ်မိုယက်စ်ကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ယူနိုက်တက်မှာ လက်တွဲခဲ့ကြဖူးသူတွေဖြစ်ကာ ဗန်ပါစီက မိုယက်စ်အတွက် ဒီဗိုလ်လုပွဲက ထိုက်တန်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
မိုယက်စ်ဟာ ဝက်စ်ဟမ်းကို တန်းမဆင်းရအောင် ရုန်းကန်ပေးခဲ့ပြီးနောက် ဥရောပအဆင့်ဗိုလ်လုပွဲတခုဆီကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဟော်လန်ကလပ်အယ်လ်ခမာကို နှစ်ကျော့စလုံးအနိုင်ရအောင်လည်း ကစားနိုင်ခဲ့ပြီး လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ဖီအိုရင်တီးနားနဲ့ ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး ပရပ်ဂ်မြို့က အေဒင်အရီနာကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။
ဗန်ပါစီက "သူ့အတွက် ကျနော်တကယ်ကို ဝမ်းသာပါတယ်၊ သူက လူကောင်းတဦး၊ နည်းပြကောင်းတသီးပါ၊ ယူနိုက်တက်မှာ သူ့လက်အောက်မှာ ကျနော် ၁ နှစ်ကစားခဲ့ပါတယ်၊ ယူနိုက်တက်မှာ သူ့အတွက် ခက်ခဲခဲ့ပေမယ့်လည်း သူ့ရဲ့ ဘောလုံးအပေါ် ချစ်မြတ်နိုးမှုက တကယ်ကောင်းမွန်ပါတယ်၊ သူက နည်းပြကောင်းတဦးပါ"
"သူ့အမြင်က ကြည့်မယ်ဆိုရင် ဝက်စ်ဟမ်းက ဒီညမှာ ကောင်းကောင်းမကစားနိုင်ခဲ့ပေမယ့်လည်း ၄-၄-၂ ဟန်နဲ့ ခံစစ်ကို ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ ကစားသမားတွေအားလုံးကလည်း တာဝန်ကျေခဲ့တယ်၊ ဒါက သူ့ရဲ့ ဒီပွဲအတွက် Plan ပါပဲ၊ သူ့အတွက် ထိုက်တန်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။
မိုယက်စ်ကလည်း "ရော်ဘင်က အိုလံပီယာကော့စ်နဲ့ပွဲမှာ ကျနော့်အတွက် ဟက်ထရစ်သွင်းပေးခဲ့ပါတယ်၊ ကျနော် ယူနိုက်တက်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ရောက်ခဲ့ပေမယ့်လည်း မလုံလောက်ခဲ့ဘူး" လို့ BT Sport အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။ ဗန်ပါစီက "ခင်ဗျားအတွက် ကျနော်တကယ်ပျော်တယ်ဗျာ၊ ဒေးဗစ်၊ ခင်ဗျားနဲ့ ဒါကထိုက်တန်ပါတယ်၊ ခင်ဗျားက ကြီးကျယ်ခမ်းနားတဲ့သူတဦး၊ နည်းပြတဦးပါ" လို့ ထပ်ပြောသွားခဲ့ပါတယ်။