အာဆီယံဆူဇူကီးဖလား အုပ်စုတတိယပွဲမှာ မြန်မာအသင်းအနေနဲ့ ထိုင်းကို လေးဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ကစားသမားတွေရဲ့ ကြိုးစားမှုကိုတော့ အသိအမှတ်ပြုကြောင်း နည်းပြချုပ် အန်တွမ်နီဟေးက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Photo: AFF
“ ဒီပွဲရလဒ်ကို စိတ်ပျက်မိပေမယ့် ကျွန်တော့်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ကြိုးစားမှုကိုတော့ အသိအမှတ်ပြုပါတယ်။ သူတို့ တတ်နိုင်သလောက် အကောင်းဆုံး ကစားခဲ့ကြတယ်။ ဒီပွဲမှာ ဒဏ်ရာပြဿနာကြောင့် ဗဟိုခံစစ်မှူးတွေ မပါနိုင်ခဲ့ဘူး။ ဘယ်နောက်ခံနေရာမှာဆို တိုက်စစ်မှူး တစ်ယောက်တောင် ထားကစားခဲ့ရပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ထိုင်းရဲ့ အဖွင့်ဂိုး ပယ်နယ်တီက ပင်နယ်တီ မပေးသင့်ပါဘူး။ ဒီပင်နယ်တီကပဲ ပွဲကို ပြောင်းလဲစေတယ်လို့တောင် ပြောလို့ရပါတယ် “ လို့ အန်တွမ်နီဟေးက ပြောခဲ့ပါတယ်။ (ဒီဇင်ဘာ ၁၁ ရက်) မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ထိုင်းအသင်းက တိုက်စစ်မှူး တီရာဆေး၊ ဝိုရာချက်၊ စူပါချော့တို့ရဲ့ သွင်းဂိုးတွေနဲ့ မြန်မာအသင်းကို ၄-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။
Photo: AFF
ဒီပွဲစဉ်မှာ ထိုင်းကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပွဲကို ထိန်းချုပ် ကစားနိုင်မှုကို အားရကျေနပ်မိကြောင်း ထိုင်းနည်းပြချုပ် အဲလက်ဇန်ဒရေက ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ “ ကစားသမားတွေရဲ့ စွမ်းဆောင်မှုက ကျွန်တော့်ကို ကျေနပ်စေပါတယ်။ ပွဲတစ်ပွဲလုံးကို ထိန်းချုပ်ကစားနိုင်ခဲ့တယ်။ အထူးသဖြင့် ကွင်းလယ်ပိုင်းက ကောင်းမွန်တဲ့ အခွင့်အရေးတွေ ဖန်တီးပေးနိုင်တယ်။ တီရာဆေးက တိုက်စစ်မှူးတစ်ယောက်ရဲ့ အဆုံးသတ်ကောင်းကို ပြသနိုင်ခဲ့တယ်။ သူက အသက်မငယ်တော့ပေမယ့် အရည်အသွေးကောင်းတွေ ပိုင်ဆိုင်နေတုန်းပါပဲ “ လို့ ထိုင်းနည်းပြချုပ်က ဆိုခဲ့ပါတယ်။ မြန်မာအသင်းဟာ ထိုင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ဆူဇူကီးဖလား အုပ်စုနောက်တစ်ဆင့် တက်ရောက်ဖို့ အခွင့်အလမ်းနည်းပါးသွားပြီ ဖြစ်ပါတယ်။