ထိုင်းနိုင်ငံအလယ်ပိုင်း Lopburi မြို့မှာ ထောင်နဲ့ချီ အရေအတွက်ရှိတဲ့ မျောက်တွေက သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ၂ တန်ကို စားနေကြတဲ့မြင်ကွင်းကို ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ဒေသခံတွေက ကြည့်ရှုရင်း ကြည်နူးနေကြပါတယ်။
(Photo: Reuters)
Lopburi မြို့မှာ COVID-19 ကပ်ရောဂါကြောင့် ၂ နှစ်ကြာ ကျင်းပနိုင်ခဲ့ခြင်းမရှိတဲ့ မျောက်ပွဲတော် (Monkey Festival) ကို ပြန်လည်ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အမြီးရှည်မျောက် အကောင်ရေ ရာပေါင်းများစွာက လူတွေပေါ်နဲ့ သစ်သီးပုံတွေပေါ်ကိုတက်ပြီး ငှက်ပျောသီးတွေနဲ့ နာနတ်သီးတွေ စားနေကြတာ တွေ့ရပါတယ်။
ဒီနေ့ အထူးအစားအစာကတော့ ဒူးရင်းသီးပါပဲ၊ ဒူးရင်းသီးကဈေးကြီးတယ်လေ၊ Lopburi မျောက်တွေက ဈေးကြီးတာတွေ ကြိုက်ကြတယ်
မျောက်ပွဲတော်မှာ ပြင်ဆင်တည်ခင်းပေးထားတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေအအတွက် ကုန်ကျစရိတ်ဟာ ထိုင်းဘတ်ငွေ ၁၀၀,၀၀၀ ကျော် (အမေရိကန်ဒေါ်လာ ၃,၀၀၀) ဖြစ်ပါတယ်။ Lopburi မြို့သို့ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစား လာရောက်ကြရာမှာ မျောက်တွေကလည်း ဆွဲဆောင်မှုတစ်ခုအဖြစ် ပါဝင်နေတာရာ ၎င်းတို့ကို ကျေးဇူးတင်တဲ့အနေနဲ့ ဒေသခံတွေက နှစ်စဥ် ပွဲတော်ကျင်းပခဲ့ကြတယ်လို့ ဆိုပါတယ်။
(Photo: Reuters)
မျောက်တွေ ပေါများလှတဲ့ Lopburi ကို မျောက်နယ်မြေလို့လည်း ခေါ်ဝေါ်ကြပါတယ်။ "ဒီနေ့ အထူးအစားအစာကတော့ ဒူးရင်းသီးပါပဲ၊ ဒူးရင်းသီးကဈေးကြီးတယ်လေ၊ Lopburi မျောက်တွေက ဈေးကြီးတာတွေ ကြိုက်ကြတယ်" လို့ မျောက်ပွဲတော် ၃၀ ကျော်ကို စီစဥ်ခဲ့ဖူးသူ Yongyuth Kitwatananusont က ပြောပါတယ်။
ဒါကို မြင်ရတာ တကယ်ပျော်စရာပါ၊ နောက်လာမယ့် ပွဲတော်ကို သွားမယ်လို့ တွေးနေမိတယ်၊ မျောက်တွေက ရေရေလည်လည်မိုက်တယ်
ယခုနှစ်ရဲ့ မျောက်ပွဲတော်နဲ့အတူ ဝှီးချဲ အရေအတွက် ၁၀၀ ကို လိုအပ်နေသူအတွက် လှူဒါန်းသွားမယ်လို့လည်း ၎င်းကဆိုပါတယ်။ အစိုးရက COVID-19 ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူတွေအတွက် ကွာရန်တင်းမလိုအပ်တဲ့ ခရီးသွားအစီအစဥ်ကို ယခုလအတွင်း စတင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားများ တဖြည်းဖြည်း ပြန်ဝင်ရောက်လာကြပြီး Lopburi မျောက်ပွဲတော်က ခရီးသွားတွေ စိတ်ဝင်စားစရာတစ်ခု ဖြစ်ခဲ့ပါတယ်။
(Photo: Reuters)
ထိုင်းနိုင်ငံကို ယခုလအတွင်း ခရီးသွား ၁၀၀,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြပြီးဖြစ်ရာ လွန်ခဲ့တဲ့ ၁၀ လအတွင်း စုစုပေါင်း ဝင်ရောက်ခဲ့တဲ့ ခရီးသွားအရေအတွက်နဲ့ တူညီနေတယ်လို့ ဆိုပါတယ်။ "ဒါကို မြင်ရတာ တကယ်ပျော်စရာပါ၊ နောက်လာမယ့် ပွဲတော်ကို သွားမယ်လို့ တွေးနေမိတယ်၊ မျောက်တွေက ရေရေလည်လည်မိုက်တယ်" လို့ မော်ရိုကိုနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွား Ayob Boukhari က ပြောပါတယ်။
မျောက်တွေ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားအားလုံးကို စားကြရတာက ၂ နှစ်အတွင်း ဒါပထမဆုံးအကြိမ်ပဲ
Lopburi မျောက်ပွဲတော်ကို လာရောက်ကြတဲ့ အချို့ ကမ္ဘာလှည့်ခရီးသွားတွေကတော့ သူတို့ရဲ့ ကင်မရာတွေနဲ့အတူ မျောက်တွေနဲ့ ဓာတ်ပုံရိုက်ရင်း အလုပ်များနေခဲ့ကြပါတယ်။ ရိုးရားအစဥ်အလာအတိုင်း မျောက်ပွဲတော် ပြန်လည်ကျင်းပမှုအပေါ် ဒေခံတွေကလည်း ဝမ်းသာနေကြတယ်လို့ ဆိုပါတယ်။ "မျောက်တွေ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားအားလုံးကို စားကြရတာက ၂ နှစ်အတွင်း ဒါပထမဆုံးအကြိမ်ပဲ၊ သူတို့အတွက် ပျော်ပါတယ်" လို့ ဒေသခံဖြစ်သူ Thanida Phudjeeb က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။