ဗိုလ်တစ်ထောင်မြို့နယ် အနော်ရထာလမ်းမထိပ် ဟိန္ဒူဘုရားကျောင်းအနီးက လမ်း ၅၀ အသုပ်စုံနဲ့ အအေးဆိုင်လို့ပြောလိုက်ရင် ဗိုလ်တစ်ထောင်တဝိုက်က လူငယ်တွေ အများစုသိကြတဲ့ ဆိုင်လေးဖြစ်ပါတယ်။ အသုပ်မျိုးစုံ၊ အထောင်းမျိုးစုံနဲ့ အအေးမျိုးစုံရပြီး စားကောင်းတာကြောင့် နီးနီးဝေးဝေးက လာရောက် စားသောက်ကြတဲ့ဆိုင်လေးပါ။
ကာတွန်းပြပွဲမှာ အအေးနဲ့ကြာဇံချက် စရောင်းရာကနေ လမ်း ၅၀ အအေးဆိုင်လို့ အမည်တွင်ခဲ့
ဒီဆိုင်လေးကိုတော့ ၂၀၁၀ ခုနှစ်က ဗိုလ်တစ်ထောင်မြို့နယ် လမ်း ၅၀ မှာ ပြုလုပ်တဲ့ ကာတွန်းပြပွဲမှာ အအေးနဲ့ ကြာဇံချက်ဆိုင်လေး စဖွင့် ရာကနေ လမ်း ၅၀ အအေးဆိုင်ဆိုပြီး စတင်လူသိလာခဲ့တာပါ။
“ စရောင်းတာကတော့ အအေးနဲ့ ကြာဇံချက် နှစ်မျိုးပဲ။ နောက်ပိုင်းကျမှ အစ်မတွေနဲ့ စုပေါင်းပြီး အမယ်တွေ တိုးချဲ့လိုက်ပါတယ်။ စရောင်းတုန်းကဆို ကြာဇံချက်တစ်ပွဲကို ၅၀၀ပေါ့။ အခုတော့ အမယ်တွေ မျိုးစုံတိုးလိုက်ပြီး အထောင်းမျိုးစုံ၊ ထမင်းသုပ်ဆိုလည်း အစုံပေါ့။ ပြီးတော့အသုပ်မျိုးစုံ၊ အအေးမျိုးစုံ စ ရောင်းတယ်။ ဆိုင်တွေကတော့ အခုဆို ဒီနေရာမှာပဲ ဆိုင်ခန်းတွဲ ၄ တွဲဖြစ်လာခဲ့တယ်။ အဓိက သီတင်းကျွတ် မှာလုပ်တဲ့ ကာတွန်းပြပွဲမှာ စမ်းဖွင့်ရင်းနဲ့ လူသိသွားတယ်။ ကျန်တာကတော့ တစ်ဆင့်စကာားတစ်ဆင့်နဲ့ သိပြီးတော့ လာစားကြတာများပါတယ်” လို့ ဆိုင်ရှင် ကိုမင်းအောင်က ဆိုပါတယ်။
လူငယ်တွေအတွက် ဆုံမှတ် ဖြစ်ခဲ့တဲ့ လမ်းဘေးဆိုင်လေး
ဒီလမ်း ၅၀ အအေးဆိုင်နဲ့ အသုပ်ဆိုင်လေးကတော့ လူငယ်တွေ အကြိုက်တွေ့တဲ့ ဆိုင်လေးဖြစ်ပါတယ်။ လမ်းဘေးမှာဖွင့်လှစ်ထားပြီး သစ်ပင်အောက်မှာ ရှိတာကြောင့် အရိပ်လည်းရ၊ အေးအေးဆေးဆေးနဲ့ ထိုင်လို့လည်းကောင်းပြီး သင့်တင့်တဲ့ ဈေးနှုန်းနဲ့ စားစရာအစုံရတာကလည်း ဆွဲဆောင်မှု ဖြစ်နေတာပါ။ ညနေ ကျောင်းဆင်း၊ ရုံးဆင်းချိန်မှာဆိုရင် ဒီဆိုင်လေးမှာ အမြဲလူစည်ကားနေတတ်ပါတယ်။
စားသုံးသူစိတ်တိုင်းကျဖြစ်စေရမယ်
“ အဓိကကတော့ ကျွန်တော်တို့က စားသုံးသူလိုအပ်ချက်ကို ကြည့်တယ်။ စားသုံးသူက ဘယ်လိုကြိုက်လဲဆိုတာ အပေါ်မူတည်ပြီး အရသာကောင်းအောင် အမြဲတမ်းလုပ်တယ်။ စားသုံးသူက Complain တက်မှ အရသာကို ဖြည့်လို့ ရမှာလေ။ ပစ္စည်းဆိုလည်း မကောင်းတာမသုံးဘူး။ ဈေးကိုလည်း အများကြီးမတင်ထားဘူး။ လူတိုင်းစားနိုင်အောင် အလယ်အလတ်လောက် ဈေးနဲ့ ရောင်းပါတယ်။” လို့ ဆိုင်ရှင် ကိုမင်းအောင်က ဆိုပါတယ်။
စားစရာသောက်စရာအစုံအလင်ရှိတဲ့ဆိုင်
ဒီဆိုင်မှာ ထမင်းအသုပ်စုံနဲ့ ကြာဇံချက်ကတော့ နာမည်ကြီးပြီး လူတိုင်းအမှာများတဲ့ မီနူးဖြစ်ပါတယ်။ အထောင်းဆိုလည်း ကြက်ခြေထောက်ထောင်း၊ သင်္ဘောသီးထောင်း တို့လည်း အမှာများပြီး ဖျော်ရည်မျိုးစုံနဲ့၊ အသီးစုံဖျော် ရည်တို့က ဒီဆိုင်မှာ လူကြိုက်များတဲ့ အစားအသောက်တွေပါ။
ဒီဆိုင်မှာ ရနိုင်တဲ့ အစားအစာတွေက ပုန်းရည်ကြီးထမင်းသုပ်၊ ဇလုံထမင်းသုပ်၊ ငါးထမင်းနယ်၊ အာလူးထမင်းသုပ်၊ ရခိုင်ထမင်းသုပ်၊ ချဥ်ပေါင်ထမင်းသုပ်စတဲ့ ထမင်းသုပ်မျိုးစုံ၊ ကြက်ခြေထောက်ထောင်း၊ ပြောင်းဖူးထောင်း၊ သင်္ဘောသီးထောင်း၊ ပြည်ကြီးငါးထောင်း၊ အပ်မှိုထောင်း၊ မုန့်ဖတ်ထောင်း၊ ကြက်တောင်ပံထောင်း၊ ကြက်သားထောင်း၊ မျှစ်ထောင်း၊ ပြည်ကြီးငါး အပ်မှိုထောင်း စတဲ့ အထောင်းမျိုးစုံ၊ မုန်လာဥနီသုပ်၊ အ ရွက်စုံသုပ်၊ သင်္ဘောငါးနီတူသုပ်၊ ကြက်တောင်ပံသုပ်၊ ကြက်ခြေထောက်သုပ်၊ ကြာဇံသုပ်၊ ခေါက်ဆွဲသုပ်၊ မျှစ်သုပ်၊ ပြောင်းဖူးသုပ်၊ ငါးနီတူသုပ်၊ ငါးဖယ်အစာသွပ်၊ ကန်စွန်း ရွက်သုပ်၊ ဟင်းနုနွယ်သုပ်၊ ပဲသွေးသုပ်၊ ကော်ပြန့်ကြော်သုပ်၊ ငါးဖယ်သုပ်၊ တို့ဟူးသုပ်၊ ပုဇွန်ခြောက်သုပ်၊ ဆေးဘဲဥသုပ်၊ ကျောက်ပွင့်သုပ်၊ ရေှာက်သီးသုပ်၊ ခရမ်းချဥ်သီးသုပ်၊ မြင်းခွာရွက်သုပ်၊ လက်ဖက်သုပ်၊ ဂျင်းသုပ်၊ အာလူးသုပ်၊ ပဲခြမ်းသုပ်၊ ကျောက်ပွင့်သုပ် စတဲ့ အသုပ်မျိုးစုံနဲ့ ကြာဇံချက်တို့ဖြစ်ပါတယ်။
ဖျော်ရည်ဆိုရင် အသီးဖျော်ရည်မျိုးစုံ၊ ဒိုမီနို၊ ဒိန်ချဥ်၊ ပျားရည်၊ မစ် ရှိတ်မျိုးစုံ၊ အသီးလက်ဖျော်၊စက်ဖျော် မျိုးစုံ စတဲ့ ဖျော်ရည်အမျိုးပေါင်း ၅၀ - ၆၀ ခန့် ရပါတယ်။
စျေးနှုန်းသင့်တင့်တဲ့အတွက် တန်အောင် စားရမယ့်ဆိုင်
ဈေးနှုန်းတွေကတော့ ထမင်းသုပ်တစ်ပွဲ ၁၅၀၀ ကျပ်ကနေ အထောင်းတစ်ပွဲကို အများဆုံး ၄၀၀၀ ကျပ်ထိဖြစ်ပါတယ်။ အအေးလိုင်းမှာတော့ အနည်းဆုံး ၇၀၀ ကျပ်ကနေ အများဆုံး ၃၀၀၀ ကျပ်နဲ့ ရောင်းချပါတယ်။ ဒါကြောင့် မို့ ဒီဆိုင်မှာ အနည်းဆုံး ငွေ ၃၀၀၀ လောက် နဲ့ ထမင်းသုပ်တစ်ပွဲ၊ ဖျော်ရည်တစ်ခွက်၊ ကြာဇံချက်တစ်ပွဲနဲ့ လူတစ်ယောက်လုံလုံလောက်လောက်စားသုံးနိုင်ပါတယ်။ ဆိုင် ရောင်းအားအနေနဲ့ ၄ ဆိုင်ပေါင်းကိုတစ်နေ့ကို ခန့်မှန်းခြေ ၆ သိန်း ဝန်းကျင်ခန့် ရှိပါတယ်။
လွတ်လပ်ပေါ့ပါ့းမှုကို ဦးစားပေးတဲ့အနေနဲ့ လမ်းဘေးမှာပဲ ဆက်ဖွင့်သွားမယ့် ဆိုင်လေး
“လူတွေက လဟာပြင်မှာ စားရတာကြိုက်တော့လေ ဒီလမ်းဘေးမှာပဲ ဆက်ရောင်းဖို့ ရှိပါတယ်။ လမ်းဘေးမှာ စား ရတဲ့ အရသာကို လူတွေကပိုကြိုက်တယ်။ လွတ်လွတ်လပ်လပ်နဲ့ လေအေးအေးနဲ့ ထိုင်ရတာကြိုက်တယ်။ အဲဒါကြောင့်မို့ ဒိပုံစံလေးနဲ့ပဲ ဆက်သွားဖို့ ရှိပါတယ်။ အရသာကတော့ ဒီထက်ပိုကောင်းသထက်ကောင်းအောင် လုပ်သွားပါမယ်” လို့ ဆိုင်ရှင် ကိုမင်းအောင်က ဖွင့်ဟလာပါတယ်။