မြန်မာကစားသမားတဦးဖြစ်တဲ့ တိုက်စစ်မှူးအောင်ကောင်းမာန်ဟာ ထိုင်းပရီးမီးယားလိဂ်ကလပ် ချွန်ဘူရီကို အလွတ်ပြောင်းရွှေ့ခဲ့ပြီလို့ သိရပါတယ်။ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့တာဖြစ်ပြီး မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးနဲ့ ပတ်သက်တဲ့ စာချုပ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
အောင်ကောင်းမာန်ဟာ ထိုင်းကလပ်တွေဖြစ်တဲ့ ထရတ်၊ လမ်ပန်း၊ Khon Kaen ယူနိုက်တက်၊ အူဒုံသာာနီ၊ ကာစတန်ယူနိုက်တက်တို့မှာ ကစားခဲ့ပြီး အခုတော့ နောက်ထပ်အသင်းတသင်းကို ထပ်မံပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ သူ့အတွက်တော့ ချွန်ဘူရီက ၆ သင်းမြောက် ထိုင်းကလပ် ဖြစ်လာမှာပါ။
ပြီးခဲ့တဲ့ရာသီမှာ သူက ထိုင်းလိဂ်-၂ မှာ အူဒုံသာနီနဲ့ ကစားခဲ့တာဖြစ်ပြီး ၁၃ပွဲကစားပေးကာ ၅ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကစားသမားရဲ့ အေးဂျင့်ဖြစ်တဲ့ ကိုရဲနိုင်ဝင်းကတော့ ဒီသတင်းကို ဖော်ပြထားခြင်းမရှိဘဲ သူ ဖော်ပြချိန်မှာတော့ စာချုပ်အချက်အလက်တချို့ကို သိရမယ်လို့ မျှော်လင့်ရပါတယ်။
Wikipedia မှာ ဖော်ပြချက်အရ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးတဲ့ အောင်ကောင်းမာန်က တိုက်စစ်မှူးနေရာနဲ့ ကွင်းလယ်တိုက်စစ်နေရာတွေမှာ ကစားနိင်သူ ဖြစ်ပါတယ်။ ထိုင်းလိဂ်ကလပ်တွေမှာ သူက တိုက်စစ်မှူးစစ်စစ်ပုံစံထက် ကွင်းလယ်တိုက်စစ်နေရာအနှံ့လိုက်ကစားပေးရပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားပုံ ကောင်းမွန်တဲ့ ကစားသမားတဦးလည်း ဖြစ်ပါတယ်။