သူ့ရဲ့ပြောင်းရွှေ့ကြေးကို ဒေါ်လာတသိန်းအဖြစ် လမ်ပူက သတ်မှတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားပေးခဲ့တဲ့ မောင်မောင်လွင်ဟာ ထိုင်းလိဂ်-၂ ကလပ် လမ်ပူအသင်းကို အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့ပြီလို့ သိရပါတယ်။ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ ဦးရဲနိုင်ဝင်းက သူ့ရဲ့လူမှုကွန်ရက်ကတဆင့် အသိပေးခဲ့တာဖြစ်ပြီး မောင်မောင်လွင်က မြန်မာကစားသမားတွေထဲမှာ တန်ဖိုးအကြီးဆုံးကစားသမားဖြစ်လာတယ်လို့လည်း ရေးသားထားပါတယ်။ 

လမ်ပူဟာ ထိုင်းလိဂ်-၂ ရဲ့ အချမ်းသာဆုံးကလပ်ဖြစ်တယ်လို့လည်း သိရပြီး မောင်မောင်လွင်က မြန်မာပြည်ရဲ့လစာအများဆုံးကစားသမားလည်းဖြစ်လာတယ်လို့ ဦးရဲနိုင်ဝင်းက ရေးသားပြောဆိုခဲ့ပါတယ်။ ကလပ်အသင်းနဲ့စာချုပ်ပါအချက်အလက်အရလည်း မောင်မောင်လွင်ကို ခေါ်ယူလိုပါက အခြားအသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေး ဒေါ်လာတသိန်းဝန်းကျင် ပေးရမယ်လို့လည်း သိရပါတယ်။ 

လမ်ပူမှာတော့ လီဗာပူးလ်အပါအဝင် ဥရောပရဲ့ထင်ရှားတဲ့ကလပ်အသင်းအများအပြားမှာ ကစားဖူးတဲ့ ဘယ်နောက်ခံလူဆစ်ဆိုခိုလည်း ကစားနေပြီး မောင်မောင်လွင်အနေနဲ့ အဆိုပါကစားသမားနဲ့ အသင်းဖော်တွေဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာအတွက် ၂၂ ပွဲကစားပြီး ၃ ဂိုးသွင်းယူပေးဖူးတဲ့ ဗင်နီဇွဲလားတိုက်စစ်မှူးဂျက်ဖရန်ဆွာရက်ဇ်လည်း ကစားပေးနေတယ်လို့ သိရပါတယ်။ 

အသင်းနဲ့စာချုပ်ချုပ်ဆိုအပြီး ဂျာစီကိုင်ကာ ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုလည်း ဦးရဲနိုင်ဝင်းက ဖော်ပြခဲ့ပါတယ်။ မောင်မောင်လွင်ကတော့ ရန်ကုန်ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် ထိုင်းကို ပြောင်းရွှေ့ကစားဖို့ အားထုတ်ခဲ့တာဖြစ်ပြီး ထိုင်းလိဂ်-၁ ကလပ်တွေရဲ့ ကမ်းလှမ်းမှုတချို့လည်းရခဲ့ပေမယ့် လိဂ်-၂ ကလပ်ရဲ့ ကမ်းလှမ်းမှုကို ပိုမိုကောင်းမွန်ခဲ့တာကြောင့် ရွေးချယ်ခဲ့တာလို့လည်း ဆိုပါတယ်။ 


ဓာတ်ပုံများ - ဦးရဲနိုင်ဝင်းရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှ ပြန်လည်ဖော်ပြထားတာပါ။

Share

က္က