ထိုင်းလိဂ် (၂) ကလပ် လမ်ဖမ်းမှာ ကစားနေတဲ့ မြန်မာကစားသမား မောင်မောင်လွင်ကတော့ သူ့ရဲ့ ထိုင်းလိဂ်ကစားသမားဘ၀ ပထမဆုံးပွဲမှာပဲ အသင်းအတွက်ခြေစွမ်းပြကစားသွားခဲ့ပါတယ်။ လမ်ဖမ်းက ကာစတန်ယူနိုက်တက်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းရရှိခဲ့တဲ့ ၂ဂိုးစလုံးမှာ မောင်မောင်လွင်က တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့ပြီး ပွဲချိန်ပြည့်လည်းကစားခွင့်ရခဲ့ပါတယ်။
လမ်ဖမ်းအနေနဲ့ အနိုင်ဂိုးတွေကို ဒုတိယပိုင်း ၇၈ မိနစ်နဲ့ ၈၈ မိနစ်မှာမှ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမဂိုးကိုတော့ မောင်မောင်လွင်က ဘယ်ခြမ်းကနေ အလိုက်သင့်လေးပေးလိုက်တာကို အသင်းဖော်က ကွင်းလယ်စက်ဝိုင်းအကျော်နားကနေ တချက်ဆွဲပြေးပြီး အဝေးကန်ချက်နဲ့ ကန်သွင်းယူခဲ့ပြီး မောင်မောင်လွင်ရဲ့ ဖန်တီးပေးပို့မှုဖြစ်ခဲ့ပါတယ်။
ထိုင်းလိဂ် ၂ ကလပ်ကို မကြာခင်မှ ပြောင်းရွှေ့ခဲ့ပြီး မြန်မာကစားသမားတွေထဲမှာ လစာအများဆုံးရတဲ့ကစားသမားလို့ သိရတဲ့ မောင်မောင်လွင်က အဖွင့်ပွဲမှာပဲ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး အသင်းဖော်တွေ၊ နည်းပြနဲ့ ပရိသတ်တွေရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ပွဲထွက်ခွင့်ရယူနိုင်ခဲ့ပြီး ခြေစွမ်းလည်းပြနိုင်ခဲ့လို့ လာမယ့်ပွဲတွေမှာလည်း ပွဲထွက်ကစားခွင့်ရဖို့ သေချာနေပြီဖြစ်ပါတယ်။