မြောင်ကန်ယူနိုက်တက်ကိုအနိုင်ရတဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ထိုင်းလိဂ်-၂ ပွဲစဉ်ဖြစ်တဲ့ လမ်ဖူ နဲ့ မြောင်ကန်ယူနိုက်တက်ပွဲစဉ်မှာတော့ မောင်မောင်လွင်က သူ့ရဲ့ ထိုင်းလိဂ်-၂ ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ လမ်ဖူက ၃-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲသိမ်းဂိုးကို မောင်မောင်လွင်သွင်းယူပေးခဲ့ကာ အသင်းနိုင်ပွဲရရှိစေဖို့ ကူညီပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

လမ်ဖူကို ရောက်ရှိချိန်ကတည်းက ပွဲထွက်ခွင့်ရခဲ့ကာ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရနေခဲ့တဲ့ မြန်မာတောင်ပံတိုက်စစ်ကစားသမားအတွက်တော့ စိတ်အားတက်ကြွစရာပဲဖြစ်ပါတယ်။ ဒီမတိုင်ခင်မှာ အသင်းဖော်တွေအတွက်ပဲ ဂိုးဖန်တီးမှုတွေကို ပြုလုပ်ထားနိုင်ခဲ့ပြီး ကိုယ်တိုင်ဂိုးရဖို့အတွက် အနည်းငယ်လိုအပ်နေသေးတဲ့ပုံစံကို မောင်မောင်လွင်က ပြင်ဆင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


ပွဲကစားချိန် ၆၉ မိနစ်မှာ သွင်းယူပေးခဲ့ပြီး အသင်းနိုင်ပွဲရဖို့ စိတ်ချရစေတဲ့ သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် လမ်ဖူဟာ အမှတ်ပေးဇယား တတိယနေရာမှာ ဆူခိုထိုင်းနဲ့ ရမှတ်တူရပ်တည်နိုင်ခဲ့ပြီး ဆူခိုထိုင်းကတော့ တပွဲလျော့ကစားထားတာဖြစ်ပါတယ်။ ဇယားထိပ်ဆုံးမှာတော့ ထရတ်အသင်းက ဦးဆောင်နေပြီး ၉ မှတ်ဖြတ်တောက်ထားကာ လာမယ့်ရာသီ တန်းတက်ခွင့်အတွက်ကတော့ လမ်ဖူနဲ့ ဆူခိုထိုင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။
 


မောင်မောင်လွင်ကတော့ လမ်ဖူအတွက် ပြိုင်ပွဲစုံ ၇ ပွဲကစားပေးထားရာမှာ ၁ ဂိုးသွင်းပြီး ၃ ကြိမ်ဖန်တီးပေးထားကာ ခြေစွမ်းပြနေတာဖြစ်ပါတယ်။ ပွဲကစားချိန်စုစုပေါင်း ၆၄၂ မိနစ်အထိ ကစားထားရပြီး မြန်မာကစားသမားတဦးအတွက်တော့ ပုံမှန်နေရာရရှိနေတာလို့ ဆိုနိုင်ပြီး အသင်းရဲ့အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေတာလိုပလည်း ပြောလို့ရပါတယ်။ အသင်းကို တန်းတက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့မယ်ဆိုရင်တော့ သူ့ကို လာမယ့်ရာသီ ထိုင်းပရီးမီးယားလိဂ်မှာပါ မြင်တွေ့ရတော့မှာပါ။ 


Share

က္က