လက်စတာစီးတီးအသင်းဟာ ထိုင်းလိဂ်ကလပ် ဘူရီယမ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဆက်ဖာနက်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ အာဆီယံဒေသတွင်း သတင်းရင်းမြစ်တွေက ဖော်ပြနေပါတယ်။ လာမယ့်နွေရာသီမှာ သူက ဘယ်လ်ဂျီယံကို သွားရောက်ကာ အလုပ်လုပ်ခွင့်ပါမစ်ရရှိဖို့ကို လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
ထိုင်းသတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ ထိုင်းလက်ရွေးစင်နဲ့ ဘူရီယမ်ကြယ်ပွင့်ကို လက်စတာက တရားဝင်ကမ်းလှမ်းမှုလုပ်ထားတယ်လို့ သိရတာပါ။ ဆီးဂိမ်းအတွက် ပြင်ဆင်လေ့ကျင့်နေတဲ့ ထိုင်းအသင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောဆိုချက်အရတော့ ဒီလိုကမ်းလှမ်းမှုရရှိထားတာကြောင့် ကစားသမားကို ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် လူစာရင်းကနေပါ ချန်လှပ်ပေးဖို့အထိ လုပ်ပေးသွားဖို့ ဆန္ဒရှိကြောင်း ဆိုပါတယ်။
ကစားသမားအနေနဲ့ ဥရောပကို အမြန်ဆုံးသွားရောက်ပြီး ဗြိတိန်မှာ ဘောလုံးကစားခွင့်ရဖို့ လိုအပ်တာတွေကို လုပ်ဆောင်သင့်တယ်လို့လည်း ထိုင်းကလပ်တွေက ထောက်ခံနေကြပါတယ်။ ဘယ်လ်ဂျီယံမှာတော့ လက်စတာစီးတီးကို ပိုင်ဆိုင်ထားတဲ့ King Power အုပ်စုရဲ့ နောက်ထပ်အသင်းတသင်းဖြစ်တဲ့ OH Leuven အသင်းရှိနေပြီး အဲဒီကတဆင့် ဆက်ဖာနက်က ကြိုးပမ်းသွားဖွယ်ရာရှိပါတယ်။