ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်မှုများ ထိုးတက်လာနိုင်ခြေအတွက် ပြင်ဆင်သင့်ကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ဒေသခံတွေကို ယနေ့ (ဒီဇင်ဘာ ၂၉ ရက်) သတိပေးပါတယ်။
နိုင်ငံရဲ့ ပထမဆုံး အိုမီခရွန်ကူးစက်မှု အစုအဝေးကို super-spreader အဖြစ် သတ်မှတ်ခဲ့ပြီးနောက် ကျန်းမာရေးအာဏာပိုင်တွေက ယခုလို သတိပေးလာတာလည်း ဖြစ်ပါတယ်။ ထိုင်းအရှေ့မြောက်ပိုင်း Kalasin ဒေသမှာ ခရစ်စမတ်အကြိုနေ့က တွေ့ရှိခဲ့ရတဲ့ အိုမီခရွန်ကူးစက်မှု အစုအဝေးဟာ ဘယ်လ်ဂျီယံနိုင်ငံမှ ခရီးသည်စုံတွဲနဲ့ ဆက်နွယ်နေပြီး ၎င်းတို့က ဘားဆိုင်များ၊ ဂီတဖျော်ဖြေပွဲများနဲ့ ဈေးများသို့ သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုကူးစက်မှုအစုအဝေးကနေ လူဦးရေ ရာနဲ့ချီ ကူးစက်မှုဖြစ်ခဲ့ပြီး အခြား ဒေသ ၁၁ ခုသို့ ကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ Opas Karnkawinpong က ပြောပါတယ်။ ဘယ်လ်ဂျီယံစုံတွဲ သွားရောက်ခဲ့တဲ့ ဘားဆိုင်တွေအနက်မှ တစ်ဆိုင်ဟာ လေဝင်လေထွက် ကောင်းမွန်ခြင်းမရှိတဲ့ လူစုလူဝေးနေရာ ဖြစ်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။ "နှစ်သစ်ကူးကာလအတွင်း ဘယ်နေရာကိုသွားသွား ဗိုင်းရပ်စ်အန္တရာယ်ကင်းပြီး လုံခြုံပုံမရပါဘူး၊ မသွားပါနဲ့" လို့ Opas က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ယခုအချိန်အထိ ထိုင်းနိုင်ငံမှာ အလွန်ကူးစက်မြန် ဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်မှု ၇၄၀ စစ်ဆေးတွေ့ရှိထားပြီး ၎င်းတို့အနက် ၂၅၁ ခုဟာ နိုင်ငံခြားမှ ရောက်ရှိလာသူတွေနဲ့ ထိတွေ့မှုရှိခဲ့ပြီး ကူးစက်ခံခဲ့ရတယ်လို့ ၎င်းကဆိုပါတယ်။ ထိုင်းနိုင်ငံမှာ ဩဂုတ်လအတွင်း ကူးစက်မှုအမြင့်ဆုံးဖြစ်ခဲ့ချိန်က နေ့အလိုက် ကူးစက်မှု ၂၀,၀၀၀ အထက်သို့ ရောက်ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေ့အလိုက် ကူးစက်မှုဟာ ၂,၅၀၀ သို့ လျော့ကျခဲ့ကြောင်း သိရပါတယ်။
သို့သော် ကာကွယ်ဆေးထိုးခြင်း၊ ဗိုင်းရပ်စ်စစ်ဆေးခြင်းနဲ့ ခပ်ခွာခွာနေစေခြင်းကဲ့သို့ ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုတွေ ပိုမိုလျင်မြန်စွာ လုပ်ဆောင်ခြင်းမရှိပါက လာမယ့်နှစ် မတ်လမှာ ထိုင်းနိုင်ငံရဲ့ နေ့အလိုက် COVID-19 ကူးစက်မှုဟာ ၃၀,၀၀၀ အထိ ဖြစ်လာနိုင်ပြီး သေဆုံးမှု ၁၆၀ ကျော်ရှိလာနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခန့်မှန်းတွက်ချက်မှုက ဖော်ပြပါတယ်။
ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းကန့်သတ်ချက်တွေကို တင်းကျပ်ဆောင်ရွက်ပါက လာမယ့်နှစ် ဖေဖေါ်ဝါရီမှာ နေ့အလိုက် ကူးစက်မှုဟာ ၁၄,၀၀၀ နဲ့ နေ့အလိုက် သေဆုံးမှု ၆၀ အောက် လျော့နည်းမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းပါတယ်။ လာမယ့်နှစ် ဇန်နဝါရီလရဲ့ ပထမ သီတင်းပတ်နှစ်ပတ်မှာ အစိုးရဝန်ထမ်းတွေအနေနဲ့ ဖြစ်နိုင်လျှင် အိမ်ကနေ အလုပ်လုပ်ရန် အကြံပြုလိုကြောင်း COVID-19 လုပ်ငန်းအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် Taweesin Wisanuyothin က သီးခြားပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထို့အတူ ပုဂ္ဂလိကလုပ်ငန်းတွေဟာလည်း အိမ်ကနေ အလုပ်လုပ်တဲ့စနစ်ကို ကျင့်သုံးသင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပထမဆုံး အိုမီခရွန်ကူးစက်မှု တွေ့ရှိလာရပြီးနောက် အာဏာပိုင်တွေက ကာကွယ်ဆေးထိုးပြီးသား နိုင်ငံခြားသားခရီးသည်တွေ ကွာရန်တင်းဝင်ရန် မလိုအပ်ဘဲ COVID-19 စစ်ဆေးပြီး လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့ "Test & Go" အစီအစဥ်ကို ရပ်ဆိုင်းလိုက်ပြီး မဖြစ်မနေ ကွာရန်တင်းဝင်ရမယ့် သတ်မှတ်ချက်ကို ပြန်လည်ကျင့်သုံးခဲ့ကြောင်း သိရပါတယ်။
Source and Photo: Reuters, AFP