ထိုင်းနိုင်ငံမှာ အာဏာပိုင်တွေက ဘန်ကောက်မြို့ရဲ့ နေရာတွေကို ရေကြီးမှုကနေ ကာကွယ်တားဆီးနိုင်ရန် ယနေ့ (စက်တင်ဘာ ၂၈ ရက်) အပူတပြင်း လုပ်ဆောင်နေကြပါတယ်။
(စက်တင်ဘာ ၂၆ ရက်မှာတွေ့ရသည့် Ayutthaya ခရိုင် ရေကြီးနေမှု) (Photo: Reuters)
အပူပိုင်းမုန်တိုင်း Dianmu တိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းရှိ ခရိုင် ၃၀ မှာ နေအိမ် ၇၀,၀၀၀ ရေနစ်မြုပ်နေပြီး လူခြောက်ဦး သေဆုံးခဲ့ပါတယ်။ နိုင်ငံအလယ်ပိုင်းမှာ ရေကြီးမှု အဆိုးဆုံး ကြုံနေခဲ့ရကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ချရေးဌာနက ပြောပါတယ်။ ယခုအခါ ဘန်ကောက်မြို့ကို ကွေ့ပတ်စီးဆင်းနေတဲ့ ကျောက်ဖရားမြစ် (Chao Phraya River) ရဲ့ မြစ်ရေဟာ တဖြည်းဖြည်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။
မြစ်ရေ မြင့်တက်လာပြီး ရုတ်တရက် ရေကြီးမှုဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်ရှိလာရင် ပြည်သူတွေကို သတိပေးသွားမှာပါ
ထိုင်းစစ်သားတွေက ရှေးဟောင်းသမိုင်းဝင်နဲ့ အထိမ်းအမှတ်နေရာတွေမှာ ရေကြီးမှုတားဆီးရန် အကာအရံတွေနဲ့ သဲအိတ်များ နေရာချထားနေကြပါတယ်။ ဘန်ကောက်မြို့မှာ ၂၀၁၁ ခုနှစ် မုတ်သုန်ရာသီမှာကဲ့သို့ ဆယ်စုနှစ်များအတွင်း အဆိုးဆုံး ရေကြီးမှုကို ရှောင်လွှဲနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
(Phitsanulok ခရိုင်မှ ရေလွှမ်းနေသည့် လမ်းမတစ်ခု) (Photo: Reuters)
၂၀၁၁ ခုနှစ် ရေကြီးမှုဖြစ်ပေါ်ခဲ့စဥ် ဘန်ကောက်မြို့ရဲ့ ငါးပုံတစ်ပုံဟာ ရေနစ်မြုပ်သွားခဲ့ပြီး လူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဘန်ကောက်မြို့တော် စီမံအုပ်ချုပ်ရေးအဖွဲ့က ကျောက်ဖရားမြစ်ရေ အခြေအနေကို စောင့်ကြည့်နေပြီး ရေစုပ်စက်များနဲ့ သဲအိတ်များ အသင့်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ "မြစ်ရေ မြင့်တက်လာပြီး ရုတ်တရက် ရေကြီးမှုဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်ရှိလာရင် ပြည်သူတွေကို သတိပေးသွားမှာပါ" လို့ ဘန်ကောက်မြို့တော်ဝန် Aswin Kwanmuang က ယနေ့ ပြောပါတယ်။
ဘန်ကောက်မြို့ရှိ ဘဏ်များနဲ့ အခြား စီးပွားလုပ်ငန်း အဆောက်အအုံတွေ အပြင်ဘက်မှာ သဲအိတ်များကို စတင် တန်းစီးချထားနေခဲ့ကြောင်း AFP သတင်းက ဖော်ပြပါတယ်။ တစ်ချိန်က "အရှေ့တိုင်းရဲ့ ဗင်းနစ်မြို့" လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဘန်ကောက်မြို့ဟာ စိမ့်မြေဟောင်းပေါ်မှာ တည်ဆောက်ထားပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၅ ပေခန့်မှာ တည်ရှိနေကြောင်း သိရပါတယ်။