ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ကိုယ့် လုပ်အားခဝင်ငွေတွေကို မိသားစုဝင်တွေနဲ့ ချစ်ခင်ရသူတွေထံ လွယ်ကူမြန်ဆန်လုံခြုံပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ ငွေလွှဲနိုင်မယ့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို TrueMoney နဲ့ KBZPay တို့ပူးပေါင်းပြီး စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကနေတစ်ဆင့် သုံးစွဲသူတွေဟာ ထိုင်းနိုင်ငံမှာရှိတဲ့ TrueMoney Wallet ကနေ မြန်မာနိုင်ငံမှာရှိတဲ့ KBZPay အကောင့်တွေ ဒါမှမဟုတ် KBZ Bank အကောင့်တွေဆီ တိုက်ရိုက်ငွေလွှဲနိုင်တော့မှာပါ။
မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အလွတ်သဘောငွေလွှဲလမ်းကြောင်းတွေကို အသုံးပြုရာမှာ ငွေလွှဲခမြင့်မားတာတွေ ၊ ငွေကြေးဆိုင်ရာ အန္တရာယ်တွေနဲ့ ငွေလွှဲရာမှာ ကြန့်ကြာမှုတွေကို ရင်ဆိုင်ကြရလေ့ရှိပါတယ်။ ဒါ့ကြောင့် ငွေလွှဲပို့မှုတိုင်းဟာ မိသားစုတွေရဲ့ နေ့စဉ်စားဝတ်နေရေး၊ ပညာရေးနဲ့ ကျန်းမာရေးစရိတ်တွေအတွက် တိုက်ရိုက်အထောက်အကူပြုနေတာကြောင့် လုံခြုံစိတ်ချရတဲ့ တရားဝင်ငွေလွှဲလမ်းကြောင်းရှိခြင်းက အရမ်းအရေးပါလာပါတယ်။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံအသီးသီးမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ လွှဲခဲ့ကြတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံအထိ ရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်မှာ ရှိခဲ့တဲ့ ၃.၅ ဘီလီယံဒေါ်လာထက် သိသိသာသာ တိုးတက်လာခဲ့တာဖြစ်ပါတယ်။ ဒီပမာဏဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့ ၄ ရာခိုင်နှုန်းခန့် ညီမျှပြီး ရွှေ့ပြောင်းလုပ်သားတွေရဲ့ ငွေလွှဲပို့မှုဟာ မိသားစုတွေရဲ့ စားဝတ်နေရေးကို အထောက်အပံ့ပေးရုံသာမက နိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါတဲ့ မောင်းနှင်အား တစ်ရပ်ဖြစ်ကြောင်း ဖော်ပြနေပါတယ်။
ဒါ့ကြောင့် ယုံကြည်စိတ်ချရတဲ့ တရားဝင်ငွေလွှဲဝန်ဆောင်မှုတွေ ပိုမိုအသုံးပြုလာနိုင်ခြင်းဟာ ငွေလွှဲပို့သူနဲ့ လက်ခံသူ နှစ်ဖက်စလုံးအတွက် ငွေကြေးဆုံးရှုံးမှုအန္တရာယ်တွေကို လျှော့ချကာကွယ်ပေးပြီး ယုံကြည်စိတ်ချရတဲ့ ငွေလွှဲပြောင်းမှုကို ရရှိနိုင်သလို လူမှုအသိုက်အဝန်းရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော အခန်းကဏ္ဍမှ ပံ့ပိုးပေးနေတာပါ။
TrueMoney Myanmar Country Managing Director ဖြစ်သူ ဦးထွန်းထွန်းလင်း ကလည်း “နိုင်ငံရပ်ခြားမှာရှိတဲ့ မြန်မာပြည်သူတွေ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေအတွက် ငွေလွှဲပို့မှုဆိုတာ မိသားစုတွေနဲ့ ချိတ်ဆက်ပေးတဲ့ အရေးကြီးတဲ့ ပေါင်းကူးတံတားတစ်ခု ဖြစ်ပါတယ်။ TrueMoney က လက်ရှိမှာ ထိုင်းနိုင်ငံတစ်ဝန်း အသုံးပြုသူ သန်း ၃၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းမှာလည်း အေးဂျင့် ၃၀,၀၀၀ ကျော်နဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အလားတူ KBZPay ကလည်း မြန်မာနိုင်ငံမှာ အသုံးပြုသူအများဆုံး မိုဘိုင်းငွေပေးချေမှုဝန်ဆောင်မှုတွေထဲက တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိတာကြောင့် အခုလိုပူးပေါင်းဆောင်ရွက်မှုကနေ ထိုင်းမှာရှိတဲ့မြန်မာလုပ်သားတွေအနေနဲ့ TrueMoney Wallet ကိုသုံးပြီး မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုဝင်တွေက KBZPay ကနေပဲဖြစ်ဖြစ်၊ KBZ ဘဏ်မှာပဲဖြစ်ဖြစ် ရယူလိုက်ရုံပဲဖြစ်တဲ့အတွက် တကယ်ကို လွယ်လွယ်ကူကူနဲ့ လျင်မြန်စိတ်ချစွာ ငွှေလွှဲလို့ရသွားပြီ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံတစ်ဝန်းရှိ 7-Eleven ဆိုင်ပေါင်း (၁၄,၀၀၀) ကျော်မှာလည်း ငွေလွှဲပို့လိုသူတွေအနေနဲ့ ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အချိန်မရွေး ငွေဖြည့်ဝန်ဆောင်မှုကို လွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။
ကမ္ဘောဇဘဏ်ရဲ့ Chief Executive Officer ဦးဇော်လင်းအောင် က “KBZ ဘဏ်အနေနဲ့ ထိုင်းနိုင်ငံက TrueMoney နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် အထူးဝမ်းမြောက်မိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု ချိတ်ဆက်မှုကို ပိုမိုခိုင်မာစေမယ့် အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ကမ္ဘောဇဘဏ်အနေနဲ့ မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများနဲ့ သူတို့ရဲ့မိသားစုများရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လုံခြုံစိတ်ချရပြီး လွယ်ကူအဆင်ပြေတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ ထိထိရောက်ရောက် ပံ့ပိုးပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် မိသားစုများအကြား လူတိုင်းရာနှုန်းပြည့်ပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ် (100% financial inclusion) ကို မြှင့်တင်ဖို့နဲ့ ဒေသတွင်း ငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုတိုးတက်စေဖို့ အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
TrueMoney ဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူတဲ့ ဒစ်ဂျစ်တယ်ငွေလွှဲနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပိုမိုကျယ်ပြန့်စွာ ရရှိနိုင်စေဖို့ နိုင်ငံတကာဝန်ဆောင်မှု တိုးချဲ့ရေးမဟာဗျူဟာ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများအပြား နေထိုင်အလုပ်လုပ်ကိုင်တဲ့ မလေးရှား၊ ဂျပန်၊ ကိုရီးယားနိုင်ငံအပါအဝင် အခြားနိုင်ငံတွေမှာလည်း ယုံကြည်စိတ်ချရတဲ့ ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။