ဆူဇူကီးဖလား ပြိုင်ပွဲ အုပ်စု တတိယပွဲစဉ်တွင် အာဆီယံ အင်အားကြီး ထိုင်းအသင်းနဲ့ ရင်ဆိုင်ရမယ့် မြန်မာဘောလုံးအသင်း အနေနဲ့ ဗိုလ်လုပွဲ တစ်ပွဲကဲ့သို့ ယှဉ်ပြိုင်ကစားသွားမယ် လို့ မြန်မာနည်းပြချုပ် အန်တွမ်နီဟေးက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Photo: AFF

“မြန်မာအသင်း ပါဝင်တဲ့ အုပ်စုက အုပ်စုကြပ်ပါတယ်။ ဒါပေမယ့်လည်း ထိုင်းနဲ့ပွဲကို အသင်းက ရှုံးလို့မရတဲ့ အနေအထားပါ။ ဒါကြောင့် မနက်ဖြန်မှာ ဗိုလ်လုပွဲ တစ်ပွဲလို ရင်ဆိုင်ကစားသွားပါမယ်။ ထိုင်းအသင်းမှာ တစ်ဦးချင်းကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိတယ် ဆိုပေမယ့် ကျွန်တော်တို့အသင်းကလည်း အသင်းလိုက် ကောင်းတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒါကြောင့် မနက်ဖြန်မှာ အသင်းလိုက် ကောင်းတဲ့အသင်းနဲ့ တစ်ဦးချင်းကောင်းမွန်တဲ့ အသင်း တွေ့မှာ ဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ပါတယ် “ လို့ အန်တွမ်နီဟေးက ပြောပါတယ်။

Photo: The Bangkok Post

မြန်မာအသင်းက အသင်းကောင်း တစ်သင်း ဖြစ်တဲ့အတွက် အကောင်းဆုံး ပြင်ဆင်ပြီး ကစားသွားမယ် လို့ ထိုင်းနည်းပြချုပ် အဲလက်ဇန်ဒရေက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် ထိုင်းအသင်းရဲ့ ဆူဇူကီးဖလား အုပ်စုပထမပွဲစဉ်မှာ လွဲချော်ခဲ့တဲ့ နာမည်ကြီး တိုက်စစ်မှူး ချာနာသစ်နဲ့ နောက်ခံလူ တီရာသွန်တို့ မြန်မာအသင်းနဲ့ ပွဲစဉ်မှာ ပါဝင်လာနိုင်တယ် လို့ ထိုင်းနည်းပြချုပ်က ဆက်လက်ပြောကြားခဲ့ပါတယ်။ “အသင်းမှာ နောက်ခံလူ ဂျိုနသန် တစ်ယောက်ပဲ ဖျားနေလို့ မြန်မာနဲ့ပွဲကို မပါနိုင်ဖို့ များပါတယ်။ ဒါပေမယ့် ဂျေလိဂ်မှာ ကစားနေတဲ့ ချာနာသစ်နဲ့ တီရာသွန် တို့ကတော့ လာမယ့်ပွဲမှာ ပါလာနိုင်ဖို့ ရှိပါတယ်။ မြန်မာအသင်းကလည်း အသင်းကောင်းဖြစ်လို့ သေချာပြင်ဆင်ပြီး ကစားသွားပါမယ် “ လို့ ထိုင်းနည်းပြချုပ်က ဆိုပါတယ်။ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ဟာ မနက်ဖြန် ဒီဇင်ဘာ ၁၁ ရက် မြန်မာစံတော်ချိန် ည ၇ နာရီမှာ စင်ကာပူအမျိုးသားအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က