ဆာရီတယောက် နားကြားမှားသွားပုံရပါတယ်။

လာဇီယိုနည်းပြဆာရီဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက ဗီရိုနာကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြိုင်ဘက်အရန်ခုံတန်းက နည်းပြအဖွဲ့ဝင်အချို့နဲ့ ပြဿနာဖြစ်ပွားခဲ့ပါတယ်။ ဒီလိုမျိုး ပြဿနာဖြစ်ပွားခဲ့တဲ့အချိန်မှာ ဆာရီက ပြိုင်ဘက်တွေဘက်ကို လက်ခလယ်ထောင်ပြီး ပြန်လည်တုံ့ပြန်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းတွေက အမိအရဖော်ပြခဲ့ပါတယ်။



လာဇီယိုက တဂိုးဂိုးမရှိနဲ့ ဦးဆောင်ထားချိန်မှာ ဆာရီကို ပြိုင်ဘက်အရန်ခုံတန်းက တစုံတခုပြောလိုက်ဟန်ရှိပါတယ်။ ဒီလိုမျိုး အပြောခံလိုက်ရချိန်မှာတော့ ဆာရီက စိတ်မထိန်းနိုင်တော့ဘဲ ပြိုင်ဘက်ကို ခပ်ရင့်ရင့်ပဲ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ဆာရီဟာ လက်ခလယ်ထောင်ပြကာ ဆဲဆိုခဲ့ပြီး သူ့ကို စတုတ္ထဒိုင်နဲ့ ပြိုင်ပွဲတာဝန်ရှိသူတွေက ဖျန်ဖြေခဲ့ရပါတယ်။


ဒီဖြစ်ရပ်ကတော့ နားလည်မှုလွဲမှားတာသာဖြစ်ကြောင်းနဲ့ ပွဲအပြီးမှာ ဒီကိစ္စကို ပြေလည်အောင်ဖြေရှင်းပြီးဖြစ်ကြောင်း ဆာရီက ပြောကြားခဲ့ပါတယ်။ ဆာရီက “သူတို့ဘက်က နည်းပြအဖွဲ့ဝင်တယောက်က ကျနော့်ကို ‘သွားထိုင်နေစမ်း’ လို့ ပြောလိုက်သလို ခံစားလိုက်ရလို့ ဒီလိုမျိုးဖြစ်ပွားခဲ့တာပါ။ ပွဲအပြီးမှာတော့ ကျနော်တို့ ဒါကို ဖြေရှင်းပြီးပါပြီ"

“ဒီဖြစ်ရပ်ကို ပြန်ပြောပြီးတော့တောင် ရယ်နေကြပါသေးတယ်” လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဖြေရှင်းသွားခဲ့ပါတယ်။ ချဲလ်ဆီးနည်းပြဟောင်းလည်းဖြစ်တဲ့ ဆာရီရဲ့ ဒီလိုမျိုးလုပ်ရပ်ကို ချဲလ်ဆီးပရိသတ်တွေက နှစ်ထောင်းအားရဖြစ်နေပြီး ဆာရီကို ချဲလ်ဆီးထံ ပြန်လည်ခေါ်ယူသင့်ကြောင်း မှတ်ချက်ပြုရေးသားခဲ့ကြပါတယ်။

ချဲလ်ဆီးပရိသတ်တွေက “ဒါမှ အန်ကယ်ဆာရီကွ” “ငါတို့ရဲ့ ထာဝရအကြီးကျယ်အခမ်းနားဆုံးပုဂ္ဂိုလ်” “ဆာရီပြန်လာပြီ။ အခုချက်ချင်းပဲ ဂရေဟမ်ပေါ်တာကို ထုတ်ပစ်လိုက်စမ်းပါကွာ” လို့ အမျိုးမျိုးရေးသားခဲ့ကြပါတယ်။ ချဲလ်ဆီးဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဖလားယူပေးထားတဲ့ နည်းပြတူဟယ်လ်ကို ရာထူးက ရုတ်တရက်ထုတ်ပယ်ခဲ့ပြီးနောက် ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာကို အစားထိုးခန့်အပ်ထားပြီးဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က