အမေရိကန်အစိုးရအနေနဲ့ တရုတ်ကို စီးပွားရေးဒဏ်ခတ်မှု လုပ်မယ်ဆိုရင် ထိုင်ဝမ်ချပ်စ်လုပ်ငန်းစုကြီး ဖြစ်တဲ့ TSMC ကို သိမ်းပြီး လက်တုံ့ပြန်ဖို့ တရုတ်အစိုးရကို ထိပ်တန်းတရုတ်ဘောဂဗေဒပညာရှင်တစ်ဦးက တိုက်တွန်းလိုက်ပါတယ်။
Apple အတွက် iPhone Chips တွေ ထုတ်လုပ်ပေးနေတဲ့ ထိုင်ဝမ် Semiconductor ထုတ်လုပ်ရေးကုမ္ပဏီ TSMC ကို သိမ်းဖို့ နိုင်ငံတကာ စီးပွားရေးဖလှယ်မှုဆိုင်ရာ တရုတ်စင်တာ CCIEE ရဲ့ ဘောဂဗေဒပညာရှင်အကြီးအကဲ ဖြစ်သူ ချန်ဝင်လင်းဂ်က မေလ ၃၀ ရက်နေ့က အမေရိကန်-တရုတ် ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးတဲ့ အွန်လိုင်းဖိုရမ်တစ်ခုမှာ ပြောခဲ့တယ်လို့ ဆိုပါတယ်။
"အမေရိကန်နဲ့ အနောက်အုပ်စုဟာ ရုရှားကို လုပ်ခဲ့သလိုမျိုး တရုတ်ပေါ် အဖျက်အမှောက် စီးပွားရေးပိတ်ဆို့မှု လုပ်ရင် ကျွန်တော်တို့လည်း ထိုင်ဝမ်ကို ပြန်ယူရမယ်" လို့ သူမက ပြောသွားတာပါ။
CCIE ဟာ တရုတ်စီးပွားရေးဖွံ့ဖြိုးမှုကို ကိုင်တွယ်ကြီးကြပ်နေတဲ့ တရုတ်အမျိုးသားဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင်ရဲ့ အောက်မှာ ရှိတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ "အထူးသဖြင့် ထုတ်လုပ်မှုနဲ့ Supply Chains တွေအကြောင်း ကျွန်တော်တို့ ပြောတဲ့အခါ TSMC လိုမျိုး တရုတ်နဲ့ အမှန်အကန် သက်ဆိုင်တဲ့ ကော်ပိုရေးရှင်းတွေကို သိမ်းရပါမယ်။" လို့လည်း ချန်က ပြောပါတယ်။
ကမ္ဘာ့ထိပ်တန်း Chipmaker ကြီးတစ်ခုဖြစ်တဲ့ TSMC ဟာ iPhone အတွက် Chips ထုတ်လုပ်ပေးမှု တစ်ခုတည်းကတင် ဒီနှစ်ထဲမှာ ဝင်ငွေ ဒေါ်လာ ၁၇ ဘီလျံခန့် ရရှိမယ်လို့လည်း တွက်ချက်ထားတယ်လို့ MacRumors သတင်းက ဖော်ပြထားပါတယ်။ "TSMC ဟာ အမေရိကမှာ စက်ရုံ ၆ ရုံ တည်ဖို့ စီစဉ်ပြီး အမေရိကန်ပြည်ထောင်စုကို ပြောင်းရွှေ့ဖို့ အရှိန်မြှင့်တင်နေပါတယ်။ ဒီရည်ရွယ်ချက်ကို ခွင့်ပြုလို့ မဖြစ်ပါဘူး"
ပြီးခဲ့တဲ့နှစ် မေလထဲမှာ TSMC ဟာ အမေရိကန်မှာ စက်ရုံ ၆ ရုံအထိ တည်ဆောက်ဖို့ စီစဉ်နေတယ်ဆိုပြီး Reuters သတင်းက ဖော်ပြခဲ့ပြီး TSMC ရဲ့ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်အခြေစိုက်ထုတ်လုပ်ရေး စီမံကိန်း ပထမအဆင့် လုပ်ဆောင်နေပြီလို့လည်း Business Insider သတင်းကို ပြောခဲ့ပါတယ်။ အမေရိကန်အနေနဲ့ တရုတ်ကို စီးပွားရေး ဘာကြောင့် ပိတ်ဆို့နိုင်တယ် ၊ ဘယ်အချိန်လောက် ပိတ်ဆို့လောက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ချန်ကတော့ ရှင်းပြခဲ့တာမျိုး မရှိပါဘူး။
"တရုတ်အနေနဲ့ ထိုင်ဝမ်ကို ကျူးကျော်ခဲ့မယ်ဆိုရင် အမေရိကန်ဘက်က စစ်ရေးအရ တုံ့ပြန်မှုလုပ်သွားမယ်" လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပြီးနောက် အမေရိကန်နဲ့ တရုတ်တို့အကြား တင်းမာမှုဟာ အရှိန်မြင့်တက်ခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်းမှာလည်း တရုတ်နိုင်ငံရဲ့ အကြီးဆုံး Chipmaker ကြီး ဖြစ်တဲ့ SMIC ကို စီးပွားရေးပိတ်ဆို့မှု လုပ်ဆောင်ထားပါတယ်။