လက်ရှိမှာတော့တစ်နေ့ကို တစ်သိန်းဖိုးလောက်ရောင်းချရတဲ့အထိ နှစ်လအတွင်း ရောင်းအားတတ်လာတဲ့ဆိုင်လေးဖြစ်လာပါတယ်။

နွေနေပူပူမှာ ရင်အေးစေပြီး လူကြီး၊လူငယ်မရွေးနှစ်သက်မယ့် ရာသီစာအချိုပွဲမုန့်လေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီမုန့်လေးကတော့ ထိုင်ဝမ်ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့ ပင်းဖိန်းသီးစုံဂျယ်လီအချိုပွဲမုန့်လေးပါ။



ဆိုင်လေးရဲ့အစ စိတ်တူကိုယ်တူစိတ်ကူးလေးက

Dancing Beautyလို့ နာမည်ပေးထားတဲ့ ပင်းဖိန်းသီးစုံဂျယ်လီဆိုင်လေးကတော့ ချစ်စရာလူငယ်စုံတွဲလေးရဲ့ စိတ်ကူးလေးကနေ အစပြုလာတဲ့ဆိုင်လေးပါ။ကုမ္ပဏီဝန်ထမ်းတွေဖြစ်ပေမယ့် အစားအစာရောင်းချရတာကို ဝါသနာပါတာကြောင့် YouTube ကနေလေ့လာသင်ယူ ပြီး အိမ်မှာလေ့ကျင့်လုပ်ကိုင်ရင်းနဲ့ နောက်ဆုံးမှာတော့ ဒီဆိုင်လေးကို စိတ်တူကိုယ်တူပူးပေါင်းဖွင့်လှစ်ဖြစ်ခဲ့တာလို့ဆိုပါတယ်။

"ပင်းဖိန်းက ထိုင်ဝမ်တို့ထိုင်းတို့မှာ ဆိုရင်လူကြိုက်များတဲ့အချိုပွဲပေါ့။ ရာသီဥတုပူတဲ့အချိန်နဲ့ လိုက်ဖက်တဲ့အစားစာလေးမို့ ညီမတို့နိုင်ငံမှာလည်း ရောင်းလို့ရတာပဲဆိုတဲ့ စိတ်ကူးလေးရပြီး ပင်းဖိန်းနဲ့ ပတ်သက်တာလေးတွေကို YouTubeမှာ လိုက်လေ့လာဖြစ်တယ်။ အဲ့ကနေမှနှစ်ယောက်တိုင်ပင်ကြတယ်။ ကိုယ်ပိုင်အရင်းအနှီးလေးနဲ့စရမှာဆိုတော့ ဆိုင်ထက် လှည်း‌လေးနဲ့ street foodပုံစံလေးရောင်းဖို့ရွေးချယ်ခဲ့တာ ။ဆိုင်မဖွင့်ခင် ပုံစံရော၊အရသာပါ အဆင်ပြေအောင် ၃လလောက်စမ်းသပ်လုပ်ကိုင်ခဲ့တယ်။ ဆိုင်ဖွင့်ဖို့နေရာကိုလည်း နှစ်ယောက်စက်ဘီးတစ်စီးနဲ့ လိုက်လေ့လာခဲ့ကြတာပါ"လို့ Dancing Beauty ဆိုင်ရှင် မဖြူသက်က ပြောပါတယ်။

အခက်အခဲတွေက အောင်မြင်မှုအစ

လမ်းဘေးမှာဈေးရောင်းတဲ့အတွေ့အကြုံမရှိတဲ့ကုမ္ပဏီဝန်ထမ်းလူငယ်လေးတွေမို့ တကယ်စတင်ချိန်မှာ စိတ်ဓာတ်ကျစရာ အခက်ခဲတွေလည်းကြုံတွေ့ခဲ့ရပါတယ်။ဒါပေမယ့်လည်း ဝါသနာပါရာကို ကြိုးစားကြည့်ချင်တဲ့စိတ်အားထက်သန်မှုကပဲ အခက်ခဲတွေကို ရင်ဆိုင်နိုင်ဖို့ ခွန်အားဖြစ်လာစေခဲ့ပါတယ်။

"အခုလက်ရှိ ဝန်ထမ်းအနေနဲ့အလုပ်လုပ်နေဆဲ ဒါကိုလည်းနောက်ထပ် စီးပွားရေးတစ်ခုအနေနဲ့ စတဲ့သဘောပါ။ ကျွန်တော်ရောသူရောက ကုမ္ပဏီဝန်ထမ်းတွေ ကျွန်တော်ကITပိုင်း၊သူကကြ Real Estate လုပ်ငန်းပိုင်းဒီဆိုင်လေးစတဲ့အချိန်မှာ ကျွန်တော်တို့ဘဝမှာ တခါမှမကြုံဖူးတာတွေကြုံရတယ်လို့ပြောလို့ရတယ် ။စစချင်းဆိုင်ထွက်စကဆို တချို့တွေက သူတို့နားမှာ လာရောင်းတာမကြိုက်တာတို့ အရောင်းမခံတာတို့ကြုံရတယ်။ ဒါပေမယ့်လည်း ဝါသနာပါတာလေးကို ကြိုးစားကြည့်မယ် အရင်းမကျန်လဲကိစ္စမရှိဘူး။  ငါတို့လုပ်ချင်တာလေးလုပ်ရရင် ပျော်တယ်ဆိုတဲ့စိတ်ကပဲ တွန်းအားဖြစ်စေခဲ့တာပါ"လို့ Dancing Beauty ဆိုင်ရှင် ကိုဟိန်းထက်က ပြောပါတယ်။

သိန်းဂဏန်းနီးပါးထိ ရောင်းအားတတ်လာတဲ့ဆိုင်လေးဖြစ်လာ

ဒီလိုဝါသနာကိုအရင်းခံတဲ့ ဇွဲသန်တဲ့ကြိုးစားမှုကြောင့်ဆိုင်ဖွင့်တာ၂လဝန်းကျင်ရှိလာချိန်မှာတော့ စားသုံးသူတွေရဲ့ အသိအမှတ်ပြုမှုကိုရရှိတဲ့ ဆိုင်လေးဖြစ်လာပါတယ် ။ဆိုင်ဖွင့်ကာစက တစ်နေ့ကို သောင်းဂဏန်းဝန်းကျင်သာရောင်းအားရှိခဲ့ရာကနေ လက်ရှိမှာတော့ တစ်နေ့ကို တစ်သိန်းဖိုးလောက်ရောင်းချရတဲ့အထိ နှစ်လအတွင်း ရောင်းအားတတ်လာတဲ့ဆိုင်လေးဖြစ်လာပါတယ်။

"အိမ်က‌တော့အခုချိန်မှာနိုင်ငံခြားသွားစေချင်တာပေါ့။ ညီမကပြန်စဉ်းစားတာကြ နိုင်ငံခြားမှာ နေပြီးအလုပ်လုပ်ဖို့ကိုယ်တိုင်က စိတ်အားမထက်သန်ဘူး။ ပြီးတော့ကျန်းမာရေးကြောင့်လည်း အေးတဲ့နိုင်ငံတွေဆိုကိုယ်နဲ့အဆင်မပြေတော့ ဒီမှာပဲရသလောက်ကြိုးစားကြည့်မယ်ဆိုပြီး လုပ်ခဲ့တာ။နှစ်ယောက်တိုင်ပင် စိတ်နှစ်ပြီး သေချာလုပ်ခဲ့တယ်။ဒါလေးကို ကိုယ်တိုင်ကလည်း စိတ်ဝင်စားပြီး တကယ်ကိုလုပ်ချင်ခဲ့တာဆိုတော့ အကောင်းဆုံးကြိုးစားခဲ့တယ်။အဲ့ဒါကြောင့် အရာတခုထင်လာခဲ့တယ်လို့တော့ထင်ပါတယ်"လို့ မဖြူသက်က ပြောပါတယ်။

ရင်အေးစေတဲ့ ပင်းဖိန်းလေးဆိုတာက

ပင်းဖိန်းဂျယ်လီကိုတော့ ဝဥကိုအ‌ခြေခံထုတ်လုပ်ထားတာဖြစ်ပါတယ်။ဝဥပင်းဖိန်းမှုန့်ကို ဂျယ်လီဖြစ်အောင် ရေးနွေးနဲ့ကြိုချက်အအေးခံရတာဖြစ်ပါတယ်။သဘာဝဂျယ်လီဖြစ်ပြီး ဝဥကိုအခြေခံထုတ်လုပ်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာမုန့်တစ်မျိုးလည်းဖြစ်ပါတယ်။Dancing Beautyပင်းဖိန်းဆိုင်လေးမှာတော့ စတော်ဘယ်ရီ၊မက်မွန်၊ပင်မှည့်၊ကီဝီစတဲ့ ပင်းဖိန်းအရသာလေးမျိုးရရှိနိုင်ပြီး  စတော်ဘယ်ရီသီး၊နာနတ်သီး၊စပျစ်သီး၊သီဟိုစေ့၊အုန်းဂျယ်လီ၊စတဲ့ ပါဝင်ပစ္စည်းတွေနဲ့ အရသာကောင်းမွန်တဲ့ ပင်းဖိန်းတစ်ခွက်ကို ၂၅၀၀ကျပ်ဖြစ်ပါတယ်။

ဆိုင်လိပ်စာလေးကတော့

Dancing Beauty ပင်းဖိန်းဆိုင်လေးကိုတော့ တာမွေမြို့နယ်၊ကျောက်မြောင်း သတိပဌာန်လမ်း AYAဘဏ်‌အနီးမှာ နေ့စဉ်နေ့လည်(၁၂)နာရီကနေ ည(၈)နာရီဝန်းကျင်ထိဖွင့်လှစ်ရောင်းချပါတယ်။ ရာသီဥတုပူတဲ့အခုလိုအချိန်မှာ သဘာဝဂျယ်လီရဲ့အေးမြမှုနဲ့အတူ ရိုးရှင်းပြီးရင်အေးစေတဲ့ရာသီစာဆိုင်လေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က