ဒီမိုကရေစီနည်းလမ်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ ၎င်းပိုင်ဆိုင်တဲ့ နယ်မြေဖြစ်ကြောင်း တရုတ်က ပြောဆိုထားပါတယ်

ထိုင်ဝမ်ဟာ နောက်ဆုံးမှာ အိမ်ပြန်လာမယ် 'လေလွင့်သူ' ဖြစ်ပြီး စစ်တုရင်အရုပ်တစ်ရုပ် မဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိပ်တန်းသံတမန်က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ခိုင်းနှိုင်းပြောကြားလိုက်ပါတယ်။

တရုတ်ဘက်က ထိုသို့ပြောကြားမှုအပေါ် ထိုင်ဝမ်အစိုးရက ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီနည်းလမ်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဟာ ၎င်းပိုင်ဆိုင်တဲ့ နယ်မြေဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောဆိုထားပြီး လွန်ခဲ့တဲ့ ၂ နှစ်အတွင်း စစ်ရေးနဲ့ သံတမန်ရေး ဖိအားပေးမှုတွေ လုပ်ဆောင်နေခဲ့ရာ ထိုင်ဝမ်အစိုးရကို ဒေါသထွက်စေခဲ့သလို အမေရိကန်ကလည်း အလေးအနက် စိုးရိမ်နေခဲ့ပါတယ်။



(တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ) (Photo: Reuters)

တရုတ်ရဲ့ နိုင်ငံတော်ကောင်စီဝင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက Reuters သတင်းဌာနနဲ့ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့စဥ်အတွင်း "လက်ရှိ တင်းမာမှုတွေဟာ ထိုင်ဝမ်အစိုးရက လွတ်လပ်ရေးအတွက် အမေရိကန်ကိုအားကိုးရန် ကြိုးပမ်းမှုတွေကြောင့်ဖြစ်ပြီး အမေရိကန်နဲ့ အခြား နိုင်ငံတွေက ထိုင်ဝမ်ကိုအသုံးချပြီး တရုတ်ကိုထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း" ပြောခဲ့ပါတယ်။

ထိုင်ဝမ်က နောက်ဆုံးမှာ အိမ်ပြန်လာမယ့် လေလွင့်သူတစ်ယောက်ပါ၊ အသုံးချဖို့အတွက် စစ်တုရင်အရုပ် မဟုတ်ပါဘူး၊ တရုတ်နဲ့ ပြန်လည်ပေါင်းစည်းရပါမယ်

"ဒါက မလျော်ကန်တဲ့လုပ်ရပ်တွေဖြစ်ပြီး လက်ရှိအနေအထားကို ပြောင်းလဲစေခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးလျော့ပါးစေခဲ့တယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ သဘောတူညီချက်တွေနဲ့ နိုင်ငံတကာဆက်ဆံရေး သတ်မှတ်ချက်တွေကို ချိုးဖောက်ခြင်းဖြစ်တယ်" လို့ ယခင်က တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာဌာန အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့သူ ဝမ်ယီက ဆိုပါတယ်။

(ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် အစိုးရအရာရှိအချို့) (Photo: AFP)

ထိုအခြေအနေကို တုံ့ပြန်ရန်နဲ့ ထိုင်ဝမ်ရဲ့ တရားဝင်လွတ်လပ်ရေးကို ကြိုးပမ်းနေတဲ့ အထက်စီးဆန်သူတွေကို တုန်လှုပ်သွားစေရန် တရုတ်က ပြင်းထန်တဲ့ တန်ပြန်မှုတွေလုပ်ခဲ့တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောပါတယ်။ "ထိုင်ဝမ်က နောက်ဆုံးမှာ အိမ်ပြန်လာမယ့် လေလွင့်သူတစ်ယောက်ပါ၊ အသုံးချဖို့အတွက် စစ်တုရင်အရုပ် မဟုတ်ပါဘူး၊ တရုတ်နဲ့ ပြန်လည်ပေါင်းစည်းရပါမယ်" လို့ ဝမ်ယီက ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်က လေလွင့်သူမဟုတ်သလို စစ်တုရင်ရုပ်လည်းမဟုတ်ဘူး၊ ထိုင်ဝမ်ရဲ့အနာဂတ်ကို ထိုင်ဝမ်ပြည်သူ ၂၃ သန်းကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်

ဝမ်ယီရဲ့ ထိုပြောဆိုမှုထွက်ပေါ်လာခဲ့ပြီးနောက် ထိုင်ဝမ်ရဲ့ ပြည်မကြီးရေးရာကောင်စီက "ထိုင်ဝမ်ကျွန်းဟာ ဘယ်တုန်းကမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိတ်အပိုင်းမဟုတ်ခဲ့ဘူးလို့" ပြင်းထန်စွာ တုံ့ပြန်ခဲ့ပါတယ်။ "ထိုင်ဝမ်က လေလွင့်သူမဟုတ်သလို စစ်တုရင်ရုပ်လည်းမဟုတ်ဘူး၊ ထိုင်ဝမ်ရဲ့အနာဂတ်ကို ထိုင်ဝမ်ပြည်သူ ၂၃ သန်းကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်၊ သက်ဦးဆံပိုင် နိုင်ငံရေးစနစ်တစ်ခုက ဖန်တီးထားတဲ့လမ်းကြောင်းတစ်ခုကို လုံးဝ လက်ခံမှာမဟုတ်ပါဘူး" လို့ Reuters ကို ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ထိုင်ဝမ်ရဲ့ ပြည်မကြီးရေးရာကောင်စီက ပြောထားပါတယ်။

(ထိုင်ဝမ်မြင်ကွင်းတစ်ခု) (Photo: Global Times)

အမေရိကန်က ထိုင်ဝမ်အတွက် ကူညီထောက်ပံ့မှုဟာ တရုတ်အစိုးရက အဓိက ဒေါသထွက်စရာ ဖြစ်နေခဲ့ပါတယ်။ တရားဝင် သံတမန်ဆက်ဆံရေး မရှိသည့်တိုင် အမေရိကန်ဟာ ထိုင်ဝမ်ရဲ့ အရေးအပါအဆုံး နိုင်ငံတကာကျောထောက်ခံနဲ့ လက်နက်အထောက်အပံ့ပေးသူအဖြစ် ရပ်တည်နေပါတယ်။

ထိုင်ဝမ်ကျွန်းဟာ ဘယ်တုန်းကမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိတ်အပိုင်းမဟုတ်ခဲ့ဘူး

ထိုင်ဝမ်အစိုးရက တရုတ်ရဲ့ဖိအားပေးမှုကို အကြိမ်ကြိမ် ရှုတ်ချခဲ့ပြီး ခြိမ်းခြောက်မှုတွေကို အရှုံးပေးမှာမဟုတ်ကြောင်း ပြောဆိုထားပါတယ်။ ကွန်မြူနစ်တွေနဲ့ ပြည်တွင်းစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် စစ်ရှုံးခဲ့တဲ့ တရုတ်သမ္မတနိုင်ငံရဲ့ အစိုးရက ၁၉၄၉ ခုနှစ်မှာ ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးသွားခဲ့ပါတယ်။ ထိုနောက်ပိုင်းမှာတော့ ကွန်မြူနစ်တွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က