ထိုင်ဝမ်တောင်ပိုင်းရှိ အထပ် ၁၃ ထပ်ပါ တာဝါအဆောက်အအုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၄၆ ဦး သေဆုံးပြီး နောက်ထပ် လူအများအပြား ဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
Kaohsiung မြို့ရှိ လူနေအခန်းတွေနဲ့ စီးပွားရေးလုပ်ငန်းနေရာတွေ ပါဝင်တဲ့ တာဝါအဆောက်အအုံဟာ ယနေ့ (အောက်တိုဘာ ၁၄ ရက်) မနက်အစောပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ မီးသတ်ဌာနက ထုတ်ပြန်ပါတယ်။ မီးသတ်သမားတွေက မီးလောင်မှုကို မီးသတ်ယာဥ် အစီး ၇၀ ကျော်နဲ့ အချိန် ၄ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မီးသတ်ဌာနက BBC သတင်းဌာနကို ပြောကြားမှုအရ မီးလောင်မှုကြောင့် လူ ၇၉ ဦးကို ဆေးရုံသို့ပို့ခဲ့ရပြီး ဒဏ်ရာပြင်းထန်သူ ၁၄ ဦးပါဝင်ကြောင်း သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးဘဲ မီးလောင်မှုဖြစ်ပွားတဲ့နေရာကို စုံစမ်းစစ်ဆေးရေးမှူးတွေ ရောက်ရှိနေပါတယ်။
တာဝန်ရှိသူတွေက အဆောက်အအုံရဲ့ ၇ ထပ်နဲ့ ၁၁ ထပ်ကြား နေရာတွေမှာ ပိတ်မိနေသူတွေရှိနိုင်ကြောင်း အစောပိုင်းမှာ သတိပေးခဲ့ပါတယ်။ မီးလောင်မှုမဖြစ်ပွားမီ ပေါက်ကွဲသံကဲ့သို့ ကျယ်လောင်တဲ့အသံတစ်ခုကို ကြားခဲ့ရတယ်လို့ တာဝါအဆောက်အအုံအနီး နေထိုင်ကြသူတွေက ဒေသခံမီဒီယာကို ပြောကြပါတယ်။ အဆောက်အအုံရဲ့ အောက်ဘက်အထပ်တွေမှာ အသုံးမပြုဘဲ စွန့်ပစ်ထားတဲ့ ပစ္စည်းတွေကြောင့် ကယ်ဆယ်ရေး ပိုမိုခက်ခဲခဲ့ကြောင်း သိရပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ယခုအဆောက်အအုံရဲ့ အောက်ဘက်အထပ်တွေမှာ ယခင်က စားသောက်ဆိုင်များ၊ ကာရာအိုကေ ဘားဆိုင်များနဲ့ ရုပ်ရှင်တစ်ရုံ ရှိခဲ့ဖူးပေမဲ့ လက်ရှိမှာတော့ အသုံးပြုခြင်းမရှိဘူးလို့ ဆိုပါတယ်။ မီးလောင်မှုကနေ လွတ်မြောက်ခဲ့သူတွေရဲ့ ခန့်မှန်းပြောဆိုမှုအရ တာဝါအဆောက်အအုံရှိ လူနေအခန်းတွေမှာ လူဦးရေ ၁၀၀ ခန့် နေထိုင်ကြတယ်လို့ သိရပါတယ်။
Photo & Video: AP, AFP, Getty Images, Kaohsiung Fire Department