အာဆင်နယ် နောက်ခံလူ ဘန်ဝှိုက်ကတော့ မနေ့ညက စပါးနဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲမှာ အသင်းရဲ့ သွင်းဂိုးတွေအတွက် အသံတိတ်သူရဲကောင်းဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်တို့ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ပထမပိုင်းမှာတင် အာဆင်နယ်တို့ သုံးဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး ဒီအထဲက သွင်းဂိုးနှစ်ဂိုးက ထောင့်ကန်ဘောက သွင်းဂိုးတွေဖြစ်ပါတယ်။ ဒီလိုမျိုး အာဆင်နယ်တို့ ထောင့်ကန်ဘောကန်ချိန်မှာ စပါးဂိုးသမား ဗီကာရီယိုကို ဒုက္ခပေးဖို့ အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်က တာဝန်ယူခဲ့ပါတယ်။
ဟွိုက်ဗက် ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တဲ့ ပထမအကြိမ် ထောင့်ကန်ဘောမတိုင်ခင် ဘန်ဝှိုက်က ဗီကာရီယိုရဲ့ လက်အိတ်ကို ဆွဲချွတ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်လည်း ဗီကာရီယိုတစ်ယောက် အာရုံနောက်ခဲ့ရပြီး ဟွိုက်ဗက်ရဲ့ ခေါင်းတိုက်ချက်ကလည်း ကိုယ့်ဂိုးကိုယ် သွင်းမိသလို ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ကိုင်ဟာဗက်ဇ် ထောင့်ကန်ဘောကတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့တဲ့ တတိယဂိုးမှာလည်း ဘန်ဝှိုက်က စပါးဂိုးသမားကို သိသိသာသာ ဒုက္ခပေးခဲ့တာပါ။ ဗီကာရီယိုရဲ့ လှုပ်ရှားမှုတွေက ဘန်ဝှိုက်ကြောင့် ဒုက္ခရောက်ခဲ့ရပြီး ဒီဂိုးသမားရဲ့ ပါးနပ်မှုမရှိတာကြောင့်လည်း ပြစ်ဒဏ်ဘောတောင်းဖို့တောင် မတတ်နိုင်ဖြစ်ခဲ့ရပါတယ်။
အာဆင်နယ်ကတော့ ဒီရာသီမှာ ထောင့်ကန်ဘောတွေကနေ အကြိမ်ကြိမ် ဂိုးရရှိနေပြီး ဒါက သူတို့အတွက် ကြီးမားတဲ့ တိုးတက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒီနိုင်ပွဲကြောင့် မန်စီးတီးနဲ့အပြိုင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ အခြေအနေကောင်းနေဆဲလည်း ဖြစ်ပါတယ်။