ခံဝန်ချက်ဖြင့် ပြန်လွတ်ပေးထားမှုကာလ ပြီးဆုံးချိန်မှာ ထောင်ထဲပြန်မဝင်ရစေရန် သေဆုံးဟန်ဆောင်ရန် စီစဥ်ခဲ့ပါတယ်

အိန္ဒိယနိုင်ငံမှာ ကပ်ရောဂါကာလအတွင်း အကျဥ်းထောင်ကနေ ခံဝန်ချက်ဖြင့် ပြန်လွှတ်ပေးထားတဲ့ အကျဥ်းသားတစ်ဦးက ထောင်ကိုပြန်မသွားလိုတာကြောင့် သေဆုံးဟန်ဆောင်ရန် ၎င်းနဲ့ကိုယ်နေဟန်ထားတူတဲ့ အခြားလူတစ်ဦးကိုသတ်မှုအား ဖော်ထုတ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

အိန္ဒိယမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်ရှိ ရဲအရာရှိတွေရဲ့ အဆိုအရ အသက် ၃၆ နှစ်အရွယ် ဆူဒက်ရှ်ကူးမား အမည်ရှိ အမျိုးသားက ၎င်းနဲ့ခန္ဓာကိုယ်ပုံစံတူ အခြား အမျိုးသားတစ်ဦးကို သတ်ခဲ့ကြောင်း သိရပါတယ်။ ထို့နောက် ကူးမားက ဇနီးဖြစ်သူရဲ့ အကူအညီနဲ့ အဆိုပါ အမျိုးသားရဲ့အလောင်းကို ၎င်းရဲ့အလောင်းအဖြစ် အတုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။



(ကူးမား ဇနီးမောင်နှံ) (Photo: NDTV)

သို့သော် ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေကို ရှာဖွေစစ်ဆေးခဲ့ရာ မော်တော်ဆိုင်ကယ်တစ်စီးပေါ်မှာ အလောင်းတင်ဆောင်လာတဲ့ ကူးမားကို တွေ့ရှိသွားခဲ့ကြပါတယ်။ ကူးမားဟာ ၂၀၁၈ ခုနှစ်အတွင်း ၎င်းရဲ့ ၁၃ နှစ်အရွယ် သမီးကိုသတ်မှုဖြင့် ထောင်ဒဏ်ကျခံနေတာဖြစ်ပြီး COVID-19 ကပ်ရောဂါကာလအတွင်း ခံဝန်ချက်ဖြင့် ပြန်လွတ်နေခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယမှာ ပြည်နယ်အချို့က လူများပြွတ်သိပ်နေတဲ့ အကျဥ်းထောင်များအတွင်း ကပ်ရောဂါကူးစက်မှု ကာကွယ်ရန် အကျဥ်းသားတွေကို ခံဝန်ကတိပြုချက်ဖြင့် ပြန်လွှတ်ပေးထားခဲ့ပါတယ်။ သို့သော် ကူးမားက ခံဝန်ချက်ဖြင့် ပြန်လွတ်ပေးထားမှုကာလ ပြီးဆုံးချိန်မှာ ထောင်ထဲပြန်မဝင်ရစေရန် သေဆုံးဟန်ဆောင်ရာမှာ ၎င်းရဲအလောင်းအဖြစ် ပြသရန် ကိုယ်နေဟန်ထားတူတဲ့ အမျိုးသားတစ်ဦးကို သတ်ခဲ့ပါတယ်။

(နယူးဒေလီမြို့ မြင်ကွင်းတစ်ခု) (Photo: AFP)

ကူးမားက ဒိုမင်ရာဗီဒက်စ် အမည်ရှိ အမျိုးသားကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အသတ်ခံရသူ ရာဗီဒက်စ်ဟာ ပန်းရံလုပ်သားတစ်ဦးဖြစ်ပြီး ကူးမားနဲ့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်တူတယ်လို့ သိရပါတယ်။ ကူးမားက ၎င်းရဲ့အိမ်မှာ ပြင်ဆင်စရာရှိကြောင်းပြောပြီး အဆိုပါ ပန်းရံလုပ်သားကို ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။

နောက်တစ်ရက်မှာတော့ ပန်းရံလုပ်သား ရာဗီဒက်စ်ရဲ့အလောင်းကို မြေကွက်လွတ်တစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။ ရာဗီဒက်စ်ရဲ့အလောင်းကို မည်သူမှန်းမသိစေရန် မီးလောင်ဖျက်ဆီးထားခဲ့ပြီး ကူးမားရဲ့ မှတ်ပုံတင်ကတ်ကို ၎င်းရဲ့အင်္ကျီအိတ်ထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကူးမားရဲ့ဇနီး အနူပါမာက ထိုအလောင်းဟာ ခင်ပွန်းဖြစ်သူ ကူးမားရဲ့အလောင်းဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

သို့သော် ကူးမားဟာ သေဟန်ဆောင်ခဲ့တာဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီးနောက် ဇနီးထံသို့ လာရောက်မယ်လို့ ရဲတပ်ဖွဲ့က သတင်းရခဲ့ပါတယ်။ ထို့နောက် ၎င်းတို့ဇနီးမောင်နှံရဲ့ နေအိမ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ကူးမားကို ဖမ်းဆီးရမိခဲ့ပါတယ်။ ကူးမားက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး ၎င်းရဲ့ဇနီးကိုလည်း ပူးပေါင်းကြံစည်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က