Xiaomi ရဲ့ မျိုးဆက်သစ်ပရီမီယံစီးရီးတွေဟာ ဒီဇိုင်းအရွေ့တစ်ခုဆီ ဦးတည်လာဖို့ရှိပါတယ်။
CompareDial နဲ့ OnLeaks တို့ ထုတ်ထားတဲ့ Renders တွေအရ Xiaomi 13 ဟာ လေးထောင့်စပ်စပ်ဘေးဘောင်တွေနဲ့ Flat Display တွေ ပါရှိလာမယ်လို့ တွေ့ရပါတယ်။ iPhone သစ်တွေက ယူဆောင်လာတဲ့ Flat Sides , Flat Display ဖက်ရှင်ကို Xiaomi က တပ်ဆင်လိုက်တာပါ။
Photo: GSMArena
ဖုန်းရှေ့ခြမ်းက အရင်လို ကွေးညွှတ်မျက်နှာပြင် မဟုတ်ဘဲ Flat ပြင်ဖြစ်လာပြီး Display ဘေးအနားတွေက Bezel ဘောင် ပါးပါး ပါလာနိုင်ပါတယ်။ ဆယ်လ်ဖီကင်မရာဟာ ဖုန်းအပေါ်အလည်တည့်တည့်မှာ Punch-Hole ပေါက်နဲ့ ထည့်ထားတာ တွေ့ရဖို့ ရှိပါတယ်။ ကျောဘက်ကတော့ အနားသတ်တစ်လျှောက် ပါးပါးလေး ကွေးညွှတ်ထားပြီး ကိုင်တွယ်ရ ပိုလွယ်အောင် စီစဉ်ထားဖို့ ရှိပါတယ်။
ပုံအရဆို ကျောဘက် စတုရန်းပုံကင်မရာအိမ်ရဲ့ ထောင့် ၃ ထောင့်မှာ ကင်မရာ ၃ လုံး တွေ့ရပါမယ်။ ဖုန်းထုအလျားအတိုင်းအတာအားဖြင့် 152.8 x 71.5 x 8.3 mm ရှိတဲ့အထဲမှာ ကင်မရာ Bump အတွက် 10.3mm အထူ ယူနိုင်ပါတယ်။ မျိုးဆက်သစ် Flagship ဖုန်းဖြစ်လို့ Qualcomm ရဲ့ နောက်ဆုံးပေါ် Snapdragon 8 Gen 2 Chip သုံးလာမှာကတော့ သေချာသလောက် ရှိပါတယ်။
Xiaomi 13 ကို ဒီလထဲမှာပဲ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။