ဆွီဒင်နဲ့ အေစီမီလန်တို့ရဲ့ တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က သူ့စိတ်ထဲမှာ သတ်မှတ်ထားတဲ့ ထာဝရအကောင်းဆုံး ကစားသမားနဲ့ ပတ်သက်လို့ လူသိရှင်ကြား ဖွင့်ဟပြောကြားလာပါတယ်။ မျက်မှောက်ခေတ် ဘောလုံးလောကရဲ့ ပရိသတ်အချို့ကတော့ ရော်နယ်ဒိုနဲ့မက်ဆီတို့နှစ်ယောက်ကို ဘယ်ခေတ်အခါက ကစားသမားတွေကမှ မမှီနိုင်ဘူးလို့ သုံးသပ်မှုတွေရှိနေတာပါ။
မက်ဆီက ဘလွန်းဒီအော်ဆုကို (၇) ကြိမ်၊ ရော်နယ်ဒိုက ဘလွန်းဒီအော်ဆုကို (၅) ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ဒီဆုအတွက် ဒီကစားသမားနှစ်ယောက်ရဲ့ လွှမ်းမိုးမှုကလည်း (၁၀) စုနှစ်တခုကျော်ကြာခဲ့ပါတယ်။ ဒါပေမယ့်လည်း အီဘရာဟီမိုဗစ်အတွက်တော့ ဒီကစားသမားနှစ်ယောက်လုံးက ထာဝရအကောင်းဆုံး ကစားသမားတွေမဖြစ်လာခဲ့ပါဘူး။
အီဘရာဟီမိုဗစ်ဟာ (၂၀၂၁) ဘလွန်းဒီအော်ဆုကို မက်ဆီ ဆွတ်ခူးတာနဲ့ ပတ်သက်လို့လည်း အခုလိုပဲ ဝေဖန်ခဲ့ဖူးသေးတာပါ။ အီဘရာဟီမိုဗစ်က “မက်ဆီက ဘောလုံးအတွက် အသက်ရှင်နေတာပါ။ ဒါပေမယ့် ဒီနှစ်တော့ လီဝန်ဒေါစကီးကသာ ဘလွန်းဒီအောဆုနဲ့ ပိုမိုထိုက်တန်ပါတယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အီဘရာဟီမိုဗစ်က မက်ဆီနဲ့ ဘရာဇီးဂန္တဝင်ရော်နယ်ဒိုတို့နှစ်ယောက်ကိုလည်း နှိုင်းယှဥ်ချီးကျူးခဲ့ပြီး သူ့အတွက် ထာဝရအကောင်းဆုံးကစားသမားက ရော်နယ်ဒိုကြီးသာဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။ အီဘရာဟီမိုဗစ်က “နှစ်ယောက်လုံး (မက်ဆီနဲ့ဘရာဇီးရော်နယ်ဒို) က အရမ်းကို သန်မာတဲ့ ကစားသမားတွေဖြစ်ကြပါတယ်”
“မက်ဆီကိုလည်း ကျနော်ပြောနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ တသင်းတည်း အတူတွဲကစားခဲ့ဖူးလို့ပါ။ ဒါပေမယ့် ရော်နယ်ဒိုကြီးကတော့ တကယ်ကို ထူးခြားဆန်းပြားတဲ့ ကစားသမားတယောက်ဖြစ်ပြီး ကျနော် ငယ်ငယ်တည်းက သူ့ကို အတုယူခဲ့ရတာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
အီဘရာဟီမိုဗစ်ဟာ ဘာစီလိုနာ ကစားသမားဘဝမှာ မက်ဆီနဲ့ တရာသီကြာ တွဲကစားခဲ့ဖူးပြီး အဲ့ဒီအချိန်က နည်းပြ ဂွါဒီယိုလာနဲ့ အီဘရာဟီမိုဗစ်တို့ မက်ဆီကစားတဲ့နေရာနဲ့ ပတ်သက်လို့ မပြေမလည်ဖြစ်ခဲ့တာကြောင့် အီဘရာဟီမိုဗစ်တယောက် ဘာစီလိုနာက စွန့်ခွာခဲ့ရတာပါ။